
ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့သို့ ပို့ဆောင်မည့် ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း Thairath သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီက တာ့ခ်ပြည်နယ်အတွင်း သံသယရှိရသည့် ယာဉ်များကို စစ်ဆေးနေသည့် Mae Tho မြို့နယ် ရဲတပ်ဖွဲ့သည် သံသယဖြစ်ဖွယ် ဗန်ကားတစ်စီးကို တားဆီးပြီးစစ်ဆေးခဲ့ရာတွင် အဆိုပါပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုဗန်ကားကို မောင်းနှင်လာသည့် ယာဉ်မောင်းက ၎င်းအား Line အက်ပလီကေးရှင်းမှတစ်ဆင့် ပစ္စည်းများ ပို့ဆောင်ပေးရန် ဘတ် ၇၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။
အဆိုပါယာဉ်မောင်းသည် အသက် ၂၅ နှစ်အရွယ် ပွန်ပရွန် အမည်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဗန်ကားနောက်ဖုံးအတွင်း အညိုရောင် ကတ်ထူသေတ္တာများကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့က အဆိုပါပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ချိန်တွင် ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ပြီး အဆိုပါပစ္စည်းများထဲတွင် ဗီဒီယို လှိုင်းစနစ် မော်ဂျူးများ၊ FPV Receiver goggles များ၊ 1050-1 အမျိုးအစား ဒရုန်းပန်ကာ ၄၉၉ စုံ၊ ဒရုန်းကိုယ်ထည် ၁၀ ခုအပါအဝင် အခြား ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့သည်။
စစ်ဆေးမေးမြန်းချက်များအရ ပွန်ပရွန်က ၎င်းအား ကုန်ပစ္စည်း ပို့ဆောင်ပေးသည့် Line အက်ပလီကေးရှင်း အဖွဲ့တစ်ခုမှတစ်ဆင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
အလုပ်အပ်နှံသူက ၎င်းအား Samut Prakan ပြည်နယ် Bang Pu မြို့နယ် Phraesa ရပ်ကွက်မှ ပစ္စည်းများကို သွားရောက်ယူဆောင်ပြီး တာ့ခ်ပြည်နယ် မဲဆောက်မြို့ရှိ ကားဝပ်ရှော့တစ်ခုသို့ သွားရောက်ပို့ဆောင်ပေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ခ ဘတ် ၇၀၀၀ ကို ပစ္စည်းများ ရောက်ရှိပြီးမှ ပေးချေရန် သဘောတူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
အဆိုပါ ဒရုန်းများ၏ မူလရင်းမြစ်ကို မသိရသေးဘဲ အာဏာပိုင်များက အသေးစိတ် စစ်ဆေးနိုင်ရန် ပစ္စည်းအားလုံးကို သိမ်းဆည်းခဲ့ပြီး ပိုင်ရှင်အစစ်အမှန်ကို စုံစမ်းဖော်ထုတ်ကာ ဥပဒေအရ အရေးယူနိုင်ရန်အတွက် ယာဉ်မောင်းနှင့် ပစ္စည်းများကို Mae Tho မြို့နယ်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးခဲ့သည်။
Ref: Thairath