Eleven Media Group

ကလောချောင်း ရေတက်သဖြင့် အနိမ့်ပိုင်းရပ်ကွက် လမ်းရေကျော်မှု ဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောချောင်း ရေတက်သဖြင့် အနိမ့်ပိုင်းရပ်ကွက် လမ်းရေကျော်မှု ဖြစ်ပွားနေကြောင်း ကလောမြို့နယ် လူမှုကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။

ဩဂုတ်လ ၁၀ ရက် မနက်ပိုင်းအချိန်တွင် မိုးတဖွဲဖွဲ ရွာသွန်းခြင်းကြောင့် ကလောချောင်းရေတက်လာခြင်း ကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော ရပ်ကွက် ၄ နှင့် ရပ်ကွက် ၂ တို့တွင် လမ်းရေကျော်ခြင်း ၊ အိမ်ထဲ ရေဝင်ခြင်းတို့ ကြုံတွေ့လာနေရကြောင်း ကလောမြို့နယ် လူမှုကူညီရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“အရမ်းတော့ မတက်သေးပါဘူး။ ဘူတာလခမ်းကို ရေကျော်တယ်။ တံတားအထိ မကျော်သေးဘူး။ ရပ်ကွက် ၄ က အဓိကပေါ့။ ရပ်ကွက် ၂ လည်း နည်းနည်းပါတယ်။ ၄ က အနိမ့်ပိုင်း ဖြစ်လို့ပေါ့။ ရေဝင်တယ် အရမ်းတော့ မမြုပ်ပါဘူး။ ရေတက်တဲ့ သဘောပါပဲ။ ။ တောင်ကျရေ ဆင်းလို့ ရေတက် မြန်တာ၊ လောလောဆယ် ရေတန့်လို့ စောင့်ကြည့်နေတယ်။ မိုးက မတိတ်သေးဘူး။ တိတ်လိုက် ရွာလိုက်နဲ့ တစ်ပတ်လောက်တော့ ရှိပြီ။ မိုးမတိတ်ရင် ရေတက်လာမှာ စိုးတယ်။ ခုချိန်ထိ ရေတက်နေတုန်းပါပဲ ”ဟု ကလောမြို့နယ် လူမှုကူညီရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ထို့ပြင် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ နှင့် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှုများ လမ်းရေကျော်ခြင်းများ ယနေ့မနက်ပိုင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စံချိန်တင် ရေကြီးနစ်မြုပ်ခြင်းကြောင့် ကလောမြို့ နှင့် အင်းလေးကန်တွင် ရေကြီး နစ်မြုပ်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group