Eleven Media Group

တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်းငါးမျိုး ထုတ်ပြန်

တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်းငါးမျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန် ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ဖော်ပြပါအလှကုန်ပစ္စည်း ငါးမျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးအပ်သည်ဟု ပါရှိသည်။

အလှကုန်ပစ္စည်းများတွင် ထည့်သွင်းရန်မသင့်သည့် တားမြစ်ဓါတုပစ္စည်းများကြောင့် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြား ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်များနှင့် online ရောင်းချသည့်လုပ်ငန်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — Eleven Media Group