Eleven Media Group

ထိုင်းနိုင်ငံတွင် ဘတ်စ်ကားနှင့် ရထားတိုက်မိရာမှ သေဆုံးခဲ့သူ မြန်မာနိုင်ငံသား၏ မိသားစု ထိုင်ဘတ်နှစ်သန်း အကျိုးခံစားခွင့်ရရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘတ်စ်ကားနှင့် ရထားတိုက်မိရာမှ သေဆုံးခဲ့သူ မြန်မာနိုင်ငံသား၏ မိသားစု ထိုင်ဘတ်နှစ်သန်း အကျိုးခံစားခွင့်ရရှိကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မက္ကဆန်ဘူတာအနီး မီးရထားသံလမ်းကူးတွင် ခရီးသည်တင် ဘတ်စ်ကားနှင့် ရထားတို့ တိုက်မိ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ကွယ်လွန်သွားခဲ့ရသူ မအေးအေးမြင့်၏ ကျန်ရစ်သူမိသားစုထံသို့ ထိုင်းနိုင်ငံ လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ရရှိစေရေး အလုပ်သမားသံအရာရှိရုံးမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးမှုကြောင့် မအေးအေးမြင့်၏ မိသားစုအနေဖြင့် ရထိုက်သည့် အကျိုးခံစားခွင့် ထိုင်းဘတ်ငွေ နှစ်သန်း (ဘတ် ၂ဝဝဝဝဝဝ) ကို ဇူလိုင် ၁၅ ရက်တွင် ထုတ်ယူရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ကွယ်လွန်သူ၏ အစ်ကိုဖြစ်သူမှ ၎င်းတို့၏ မိသားစုကိုယ်စား ၂၀၂၆ ခုနှစ် သြဂုတ် ၅ ရက်တွင် အလုပ်သမားသံအရာရှိရုံးသို့ ကိုယ်တိုင်လာရောက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံးနှင့် အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မေ ၁၆ ရက် ညနေ ၃ နာရီ ၄၂ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လေဆိပ်ရထားလမ်း၏ မက္ကဆန်ဘူတာအနီးတွင် ရထားနှင့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူ ရှစ်ဦးသေဆုံးကာ အနည်းဆုံး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းတာဝန်ရှိသူများက၏ အတည်ပြုချက်များအရ သိရသည်။

မူရင်းသတင်း — Eleven Media Group