Eleven Media Group

“မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရေး" အဆိုကို မန္တလေးတိုင်းလွှတ်တော်တွင် မှတ်တမ်းအဖြစ်သာထားရှိ

"မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရေး" အဆိုကို မန္တလေးတိုင်းလွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် တိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးမျိုးကျော်တင်သွင်းခဲ့သည့် ယင်းအဆိုနှင့်ပတ်သက်ပြီး သြဂုတ်၁၁ရက်က လွှတ်တော်တွင် ကိုယ်စားလှယ်၅ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
ထိုသို့ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံကြောင်းဆွေးနွေးခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက ၎င်းတို့ဆောင်ရွက်နေသည့် လုံခြုံ​ရေးအစီအမံများနှင့်ပတ်သက်ပြီးရှင်းလင်းခဲ့ပြီး အဆိုကို မှတ်တမ်းအဖြစ်သာထားရှိရန် တင်ပြခဲ့သည်။

ထို့ကြောင့် လွှတ်တော်ဥက္ကဋ္ဌမှ အဆိုတင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်၏ဆန္ဒအား မေးမြန်းခဲ့ရာ ​" ကျွန်တော့်အနေနဲ့ပြောစရာမရှိပါဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ် " ဟု ပြန်လည်ဖြေကြားခဲ့သဖြင့် အဆိုကိုမှတ်တမ်းတင်ရန် လွှတ်တော်၏ သဘောထားရယူခဲ့ရာ ကန့်ကွက်သူမရှိသဖြင့် မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

" မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါးဇွန်၊ မလိုင်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊မိုးကုတ်အစရှိသည့် မြို့နယ်များတွင် တည်ငြိမ်အေးချမ်းမှုမရှိ၍ ၎င်းဒေသများရှိပြည်သူများသည် လုံခြုံရေး၊ လူမှု​ရေး၊ ပညာရေး၊ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများစွာရှိပြီး ဘဝရပ်တည်မှုခက်ခဲလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိရသည့် အဓိကအကြောင်းရင်းမှာ အစိုးရဌာနဆိုင်ရာဆိုင်ရာအသီးသီးနှင့်ဒေသခံပြည်သူများအကြား မျှတမှုမရှိခြင်း၊ ဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် လုံခြုံရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ဒေသအသီးသီးတွင် တည်ငြိမ်အေးချမ်းမှု လျော့နည်းပျက်သုဉ်းနေရခြင်းဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့်ပြည်သူတို့ဘဝ ဖွံ့ဖြိုးတိုးတက်မှုသည် တိုက်ရိုက်ပတ်သက်နေသည်ဖြစ်ရာ တည်ငြိမ်အေးချမ်းမှုမရှိသော ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ကုန်စျေးနှုန်းများမြင့်မားခြင်း၊ကျောင်းနေရွယ်ကလေးများ ပညာသင်ကြားရန် အခက်အခဲရှိခြင်း၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအတွက် ဆေးဝါးအခက်အခဲနှင့်လူမှုရေးအကူအညီအားနည်းချက်များကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရခြင်း၊ ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ လုပ်ကိုင်ဆောင်ရွက်နိုင်မှုမရှိ၍ စားဝတ်နေရေးခက်ခဲရခြင်း စသည်တို့ကြောင့် အထက်ဖော်ပြပါမြို့နယ်ဒေသများရှိ ပြည်သူများသည် ​တည်ငြိမ်အေးချမ်းမှုကို များစွာလိုလားတောင့်တလျက်ရှိပါကြောင်း၊ ပြည်သူများ၏အကျိုးစီးပွား၊လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်​ရေးကိုထောက်ရှု၍ ဒေသအလိုက်တည်ငြိမ်အေးချမ်းမှုရရှိနိုင်စေရေးအတွက် မူဝါဒများနှင့်အညီ အစီအစဉ်များ​ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ပါရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအဆို" ကို သြဂုတ်လ ၆ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တင်ပြတဲ့ အဆိုကို သက်ဆိုင်ရာဝန်ကြီးက မှတ်တမ်းအဖြစ်သာထားဖို့တင်ပြတာနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ ကန့်ကွက်တဲ့သူမရှိဘဲ ထောက်ခံကြောင်း ကိုယ်စားလှယ်၅ဦးကလည်းဆွေးနွေးသွားတယ်။ပြည်သူတွေအတွက် ကျွန်တော်လုပ်ဆောင်နိုင်တဲ့အပိုင်းကို ကျွန်တော်လုပ်ခဲ့ပြီဖြစ်ပါတယ်" ဟု အဆိုအား လွှတ်တော်မှ မှတ်တမ်းအဖြစ်သာ ထားရှိခံရမှုနှင့်ပတ်သက်ပြီး အဆိုတင်သွင်းသူ ဦးမျိုးကျော်က ပြော​ကြားခဲ့သည်။

" မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဘဏ္ဍာရေးနှစ်အလိုက် ပိုလျှံငွေများကို ဖြည့်စွက်ရန်ပုံငွေအဖြစ်အသုံးပြုရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ငွေရရှိမှုနည်းသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအား အထောက်ပံ့ပေးရေးအဆို" ကိုမူ သြဂုတ်လ၁ဝရက်နေ့က မန္တလေးတိုင်းလွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group