
ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ ယနေ့ (သြဂုတ် ၁၂ ရက်) တွင် စိုးရိမ်ရေအမှတ်အထက် ၂ ပေခန့်ကျော်လွန်နေပြီး မြစ်ရေအနည်းငယ် ထပ်မံမြင့်တက်နိုင်ကြောင်း သိရသည်။
ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ လက်ရှိတွင် ၂၂၀၆ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁၀ စင်တီမီတာ ( ၄ လက်မ ) ခန့် ထပ်မံမြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
“ရေတက်လို့ ရွှေ့ရပြောင်းရတုန်း မိုးကရွာတော့ ပိုဆိုးတယ်။ မိုးကာမလုံတာနဲ့ ထမင်းဟင်းချက်လို့ မရတာနဲ့ အခက်အခဲတွေ အများကြီးပဲ။ အလုပ်မသွားနိုင်လို့ ဝင်ငွေက မရှိဘူး။ အခုလည်း နည်းနည်းချင်းတော့ ရေက တိုးနေတုန်းပဲ” ဟု ပခုက္ကူမြို့မှ ရေဘေးရှောင်တစ်ဦးက ပြောသည်။
မြစ်ရေ ထပ်မံမြင့်တက်နေသည့်အတွက် အမှတ် ၁ ၊ ၉ ၊ ၁၀ ၊ ၁၃ ၊ ၁၄ ရပ်ကွက်များတွင် ရေဝင်ရောက်နေသဖြင့် ဒေသခံများမှာ နီးစပ်ရာဘုန်းကြီးကျောင်းများ ၊ ဘုရားဝန်းများနှင့် လမ်းဘေးဇရပ်များတွင် နေထိုင်နေရကြောင်း သိရသည်။