
ရုရှား၏နောက်ကွယ်မှလှုပ်ရှားနေသောသင်္ဘောများ(Shadow fleet))မှ သိမ်းဆည်းထားသော ကုန်ပစ္စည်းများကို ရောင်းချရန် စီစဉ်နေသည့် ဥရောပနိုင်ငံများ၏ လုပ်ရပ်ကိုလက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါနိုင်ငံများမှ သင်္ဘောများကို ပြန်လည်သိမ်းဆည်းသွားမည်ဟု ရုရှားသမ္မတဗလာဒီမီယာ ပူတင်က ဩဂုတ် ၁၂ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။
ရုရှား၏ အဓိကဝင်ငွေရလမ်းကို ပစ်မှတ်ထားသည့် ဥရောပ၏ပိတ်ဆို့အရေးယူမှုများကို ဖောက်ဖျက်၍ ရုရှားရေနံ သယ်ဆောင်လာသည့် သင်္ဘောအချို့ကို ဥရောပကုမ္ပဏီအများအပြားက ကြားဖြတ်ဟန့်တား သိမ်းဆည်းခဲ့ကြသည်။
လွန်ခဲ့သည့်လက အတည်ပြုခဲ့သော ပိတ်ဆို့အရေးယူမှု အသစ်များအရ အီးယူ (EU) အဖွဲ့ဝင်နိုင်ငံများသည် ထိုသို့ သိမ်းဆည်းရမိသည့် သင်္ဘောများမှ ရေနံ သို့မဟုတ် အခြားကုန်ပစ္စည်းများကို ရောင်းချခွင့် ရရှိထားကြသည်။
ထိုလုပ်ရပ်များကို ရုရှားကမကျေမနပ်ဖြစ်လျက်ရှိပြီး သမ္မတ ပူတင်ကမူ "ပင်လယ် ဓားပြလုပ်ရပ်နှင့် လူမိုက်ဆန်သော လုပ်ရပ်" ဟု ပြစ်တင်ရှုတ်ချခဲ့သည်။
"ကျွန်တော်တို့အနေနဲ့လည်း အလားတူ လက်တုံ့ပြန်ဆောင်ရွက်ဖို့ ဖိအားပေးခံနေရတာ ဖြစ်ပါတယ်" ဟု ရုရှားအရှေ့ဖျားဒေသတွင် ပြုလုပ်သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်နေစဉ် ရုရှားခေါင်းဆောင်က ပြောကြားခဲ့သည်။
ထို့အပြင် "ကျွန်တော်တို့ကိုယ်တိုင် လိုအပ်ပြီး သင့်တော်တယ်လို့ ယူဆတဲ့ ဘယ်နေရာမှာမဆို" နော်စကိုကတုံ့ပြန် ဆောင်ရွက်သွားမည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
သြဂုတ်လစောစောပိုင်းတွင် AFP သတင်းဌာနကရရှိထားသော ဆွီဒင်တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြထားသည်မှာ သိမ်းပိုက်ခံထားရသော ယူကရိန်းနယ် မြေမှဂျုံများကိုသယ်ဆောင်လာသည်ဟုယူဆရသော သိမ်းဆည်းထားသည့်ရုရှားသင်္ဘောကို ဆွီဒင်က ယူကရိန်းထံ လွှဲပြောင်းပေးမည်ဟုဖော်ပြထားသည်။
ရုရှားရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် ဆာခါလင်းကျွန်းအနီးရှိ ရုရှားစစ်သင်္ဘော Varyag ပေါ်တွင် ပူတင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား၏ကျူးကျော်ဝင်ရောက်လာနိုင်မှုကို ပုံစံတူဖန်တီးကာ အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှု မစတင်မီ တစ်ပတ်အလိုတွင် ရုရှားရေတပ်၏ စစ်ရေးလေ့ကျင့်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားနှင့်ရုရှားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်နေသည်ဟု ယူကရိန်းနှင့် တောင်ကိုရီးယားတို့၏စွပ်စွဲချက်များကြောင့် အဆိုပါဒေသအတွင်း တင်းမာမှုများ မြင့်တက်လျက်ရှိသည်။
■ Ref:AFP
■ AFP photos