Eleven Media Group

■ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြည့်စွက်ခွင့်ပြုငွေကျပ် ၁၉၈,၀၁၃ ဒသမ ၅၁၀ သန်းကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်ပြတောင်းခံ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြည့်စွက်ခွင့်ပြုငွေကျပ် ၁၉၈,၀၁၃ ဒသမ ၅၁၀ သန်းကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်ပြတောင်းခံကြောင်း သိရသည်။

ဩဂုတ် ၁၂ ရက်ကပြုလုပ်သော တတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး လျာထားချက်ကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ယခုတင်ပြတောင်းခံတဲ့ ဖြည့်စွက်ခွင့်ပြုငွေကျပ် ၁၉၈ ဒသမ ၀၁၄ ဘီလျံသည်နိုင်ငံတော် အကြီးအကဲ လမ်းညွှန်ချက်အရ ဆောင်ရွက်သည့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန် ချက်အရ ဆောင်ရွက်သည့်လုပ်ငန်းများ၊ လွှတ်တော်ကတိကဝတ်များ၊ လစာ၊ စရိတ်ချီးမြှင့်ငွေများ၊ ပင်စင်လစာများ၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသည့် ကျေးလက်ကုန်ထုတ်လမ်းများ၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးလုပ်ငန်းများဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး လျာထားချက် ဖြည့်စွက်ခွင့်ပြုငွေအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်"ဟုစီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဒေါက်တာမေးသန်းနွယ် ပြောကြားသည်။

ဝန်ကြီးအနေဖြင့် လွှတ်တော်သို့တင်ပြရာတွင်ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများအနက် မူလ ခွင့်ပြုငွေဖြင့် မလုံလောက်သဖြင့် ဌာန၊ အဖွဲ့အစည်း(၁၂)ခုမှ ထပ်မံတောင်းခံသည့် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၁၉၈,၀၁၃.၅၁၀ သန်း တင်ပြတောင်းခံထားပြီး ရငွေများကို မူလလျာထားချက်ထက် ပိုမိုရရှိမည်ဟု ခန့်မှန်းထားချက်ကိုပါ တင်ပြခဲ့သည်။

ထို့ပြင် ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းများကို နှိုင်းယှဉ်တင်ပြပြီး မူလခန့်မှန်းခြေစာရင်းတွင် ရငွေစုစုပေါင်းကျပ် ၉၈၁,၄၇၆ ဒသမ ၈၁၉ သန်းနှင့် သုံးငွေစုစုပေါင်း ကျပ် ၉၈၁,၄၇၆ ဒသမ ၈၁၉ သန်းဖြစ်သဖြင့် ဘက်ညီဘတ်ဂျက်ဖြစ်ကြောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းတွင် ရငွေစုစုပေါင်း ကျပ် ၁,၃၈၄,၈၉၁ ဒသမ ၃၃၀ သန်းနှင့် သုံးငွေစုစုပေါင်း ကျပ် ၁,၁၇၉,၄၉၀ ဒသမ ၃၂၉ သန်း ဖြစ်၍ ကျပ် ၂၀၅,၄၀၁ ဒသမ ၀၀၁ သန်း ပိုငွေဖြစ်ပေါ်နေပါသဖြင့် ပိုငွေပြဘတ်ဂျက်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group