Eleven Media Group

■ နေတိုးမဟာမိတ်အဖွဲ့ အာရှ-ပစိဖိတ်သို့ ထိုးဖောက်ဝင်ရောက်နေခြင်းကရုရှားအတွက်ခြိမ်းခြောက်မှုဟုသမ္မတဗလာဒီမာပူတင်ကပြောကြားလိုက်ပြီး ဂျပန်ကိုလည်း ဝေဖန်

​အာရှ-ပစိဖိတ်ဒေသသို့ နေတိုးမဟာမိတ်အဖွဲ့ထိုးဖောက်ဝင်ရောက်ခြင်းကရုရှားအတွက် ခြိမ်းခြောက်မှုဖြစ်နေသည်ဟု ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောကြားခဲ့သည်။

​TASS သတင်းဌာန၏ ဖော်ပြချက်အရ သမ္မတ ပူတင်သည် ဂျပန်နိုင်ငံနှင့် နီးကပ်သည့် ရုရှားအရှေ့ဖျားဒေသရှိ Yuzhno -Sakhalinsk မြို့သို့ ဩဂုတ် ၁၂ ရက်တွင် သွားရောက်စဉ် "ဒီဒေသမှာ ပဋိပက္ခဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာတာကိုကျွန်တော်တို့စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်" ဟု ပြောဆိုခဲ့ပြီး "နေးတိုးဟာ ဒီဒေသထဲ ထိုးဖောက်ဝင်ရောက်နေသလို စစ်ရေးနဲ့ နိုင်ငံရေး မဟာမိတ်အဖွဲ့သစ်တွေကိုလည်း ဖွဲ့စည်းနေပါတယ်" ဟုပြောကြားခဲ့သည်။

​ "ဒီဒေသမှာ လက်နက်စနစ်သစ်တွေကို တပ်ဆင်နေသလို ထပ်မံတပ်ဆင်ဖို့ စီမံကိန်းတွေလည်း ရေးဆွဲနေကြတာကြောင့် ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်‌နေပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

​သို့သော် မည်သည့် နေတိုးလက်နက်စနစ်များ ဖြန်ကြက်ထားသလဲဆိုသည်ကို ပူတင်က အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

​နေတိုးအဖွဲ့၏ အင်ဒို-ပစိဖိတ် မိတ်ဖက်နိုင်ငံအဖြစ် တောင်ကိုရီးယားနှင့်အတူ ပါဝင်နေသည့် ဂျပန်နှင့် ပတ်သက်၍မကျေနပ်ကြောင်းပြောကြားရာတွင် ပူတင်က "ဂျပန်ဟာယူကရိန်းအရေးရဲ့ အရင်းခံအကြောင်းတွေကို မသိဘဲ ရုရှားကိုတစ်ဖက်သတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်" ဟုပြောဆိုခဲ့သည်။

​အထူးသဖြင့် ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိဦးဆောင်သောဂျပန်အစိုးရအဖွဲ့သည် ယခုလဆန်းပိုင်းက ထုတ်ပြန်ခဲ့သော ကာကွယ်ရေးစက္ကူဖြူစာတမ်းတွင် ရုရှား၊ မြောက်ကိုရီးယားနှင့် တရုတ်တို့၏ စစ်ရေး နီးကပ်သည့် ဆက်ဆံရေးကို ကိုးကား၍ ယူကရိန်းကို ကျူးကျော်ခဲ့သည့် အခြေအနေမျိုး အရှေ့အာရှတွင် ဖြစ်ပွားလာနိုင်ခြေရှိသည်ဟု ဖော်ပြခဲ့ခြင်းကို ပူတင်က ဝေဖန်ခဲ့သည်။

​ပူတင်က "ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး၊ ဂျပန်ရဲ့နယ်မြေတွေကိုတောင်းဆိုဝာာလည်းမရှိပါဘူး" ဟု ဆက်လက်ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ကတည်းကရုရှားထိန်းချုပ်ထားသော ကူရီးလ်ကျွန်းလေးကျွန်းကို ဂျပန်ကမြောက်ပိုင်းနယ်မြေများဟုခေါ်ပြီးထိုကျွန်းများ၏အချုပ်အခြာပိုင်ဆိုင်မှုနှင့်ပတ်သက်၍အငြင်းပွားမှုများဖြစ်ပေါ်နေခြင်းကို ပူတင်က​"ဒါဟာ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာတဲ့ အရှိတရား ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စာရွက်စာတမ်းတွေမှာလည်း သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Ref:SBS News
Photos:AFP

မူရင်းသတင်း — Eleven Media Group