Eleven Media Group

မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး အသက်(၁၂၁ )နှစ် အဘွားဒေါ်ပန်းနွယ်နေအိမ်သို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ဂါရဝပြု၍ အလှူငွေနှင့် စားသောက်ဖွယ် ပစ္စည်းများပေးအပ်လှူဒါန်း

မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး အသက်(၁၂၁ )နှစ် အဘွားဒေါ်ပန်းနွယ်နေအိမ်သို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက သွားရောက်ဂါရဝပြု၍ အလှူငွေနှင့် စားသောက်ဖွယ်ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှ အသက် (၁၂‌၁) နှစ် အဘွားဒေါ်ပန်းနွယ်နေအိမ်သို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက အတူသွားရောက်‌‌တွေ့ဆုံဂါရဝပြုပြီး အလှူငွေကျပ် (‌၁၂၂ )သိန်း ၊ ကန်တော့ပစ္စည်းများ၊ သစ်သီးများ၊ ဆန်၊ ဆီ၊ ကြက်ဥနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းကန်‌တော့၍အားပေးစကား ပြောကြားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့်လိုအပ်သည်များ‌ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဘွားဒေါ်ပန်းနွယ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အသက်ကြီးပုဂ္ဂိုလ်များနေ့အတွက် အသက် (၁၂၁) နှစ်ဖြင့် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး ဘိုးဘွားအဖြစ်ဂုဏ်ပြုချီးမြှင့်ခံရသူ အဘွားတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ အေးရိပ်ငြိမ်ရပ်ကွက်တို့မှ အသက် (၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား( ၇ )ဦးအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ရိပ်သာတွင် တွေ့ဆုံဂါရဝပြု၍ ဘိုးဘွားတစ်ဦးလျှင် အလှူငွေကျပ်(၁၀)သိန်း၊ ကန်တော့ပစ္စည်းများ၊ ဆန်နှင့်ဆီများပေးအပ်လှူဒါန်းခဲ့ကြကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်ခဲ့ပြီး ဘိုးဘွားများ၏ မိသားစုဝင်များနှင့် တွေ့ဆုံစကားပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group