Myanmar National Post

ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့ အားလုံးရဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ကြိုးစား ကူညီဆောင်ရွက်ပေးသွားမှာပါဟု မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပ်အသစ် ပြောကြား






ရန်ကုန်၊ သြဂုတ် ၁၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ် ခန့်အပ်လွှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နည်းပြချုပ်သစ် Colin Bell (ကောလင်းဘဲလ်) က ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့ အားလုံးရဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ကျွန်တော့်ဘက်က ကြိုးစား ကူညီဆောင်ရွက်ပေးသွားမှာပါ ဟု ပြောဆိုသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ၊ နည်းပြချုပ်သစ် Colin Bell (ကောလင်းဘဲလ်)၊ အမျိုးသမီးအသင်း လက်ရွေးစင် ကစားသမားများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

နံနက် ၁၀ နာရီတွင် အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး အခမ်းအနားမှူးက စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား နည်းပြချုပ်သစ်၏ ဘောလုံးဖြတ်သန်းမှု သမိုင်းကြောင်း၊ အတွေ့အကြုံများနှင့် အောင်မြင်မှုမှတ်တမ်းများကို ဖတ်ကြားမိတ်ဆက်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က နည်းပြချုပ်သစ် ခန့်အပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရှေ့ဆက်ဆောင်ရွက်မည့် လမ်းကြောင်းများနှင့် မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာချုပ်လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် နည်းပြချုပ်သစ် Colin Bell တို့သည် (၃)နှစ် သဘောတူစာချုပ်တွင် အပြန်အလှန် တရားဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရဂျာစီ ပေးအပ်ပွဲနှင့် ဓာတ်ပုံရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲ အစီအစဉ်တွင် တက်ရောက်လာကြသော သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးခွန်းများကို အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် နည်းပြချုပ်သစ် Colin Bell တို့က အသီးသီး ပြန်လည်ဖြေကြားခဲ့ကြသည်။

နည်းပြချုပ် Colin Bell က "ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပါပဲ၊ မြန်မာကစားသမား အတော်များများကို ကြိုတင်လေ့လာထားပြီး ဖြစ်သလို လူကိုယ်တိုင်ရော ဗီဒီယိုတွေကနေပါ ပွဲအချို့ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အခု လက်ရှိမှာတော့ ကစားသမားတွေနဲ့ အနီးကပ် ထိတွေ့ပြီး ပိုမိုရင်းနှီးကျွမ်းဝင်အောင် စတင် ဆောင်ရွက်နေပါပြီ။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ လာရောက်ပူးပေါင်းနေတဲ့ ကစားသမား အချို့ကိုလည်း တွေ့ရပါတယ်။ လေ့ကျင့်ရေးစခန်း ဝင်ရောက်တဲ့အခါ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည် စစ်ဆေးမှုတွေ ပြုလုပ်ပြီး စနစ်တကျ ဆက်လက် ဆောင်ရွက်သွားမှာပါ။ ကစားသမားတွေရဲ့ တက်ကြွမှုနဲ့ မွေးရာပါ ဘောလုံးပါရမီ အရည်အသွေးတွေကို မြင်တွေ့နေရတာကြောင့် သူတို့နဲ့အတူ လက်တွဲလုပ်ကိုင်သွားဖို့ အထူးပဲ မျှော်လင့်နေပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာအသင်းဟာ အာရှအဆင့်မှာ ယှဉ်ပြိုင်နိုင်ရုံတင်မကဘဲ အောင်မြင်မှု ဆုဖလားတွေပါ ဆွတ်ခူးနိုင်တဲ့အထိ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ပါတယ်။ မြန်မာအသင်းရဲ့ အဓိက ပန်းတိုင်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့ဖလား မရောက်ဖူးသေးတဲ့ စိန်ခေါ်မှုမျိုးကပဲ ကျွန်တော့်အတွက် အကြီးမားဆုံး တွန်းအား ဖြစ်စေပါတယ်။ ဒါကြောင့်မို့ အားလုံးရဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ကျွန်တော့်ဘက်က ကြိုးစား ကူညီဆောင်ရွက်ပေးသွားမှာပါ" ဟု ဆိုသည်။

နည်းပြချုပ် Colin Bell က ဒီလို ရည်မှန်းချက်မျိုး ရရှိဖို့ ကစားသမား တစ်ယောက်ချင်းစီမှာ စိတ်ဓာတ်ရေးရာ တွန်းအားနဲ့ ကြိုးစားလိုစိတ် အမြင့်မားဆုံး ရှိနေရမည်ဖြစ်ကြောင်း၊ နည်းပြတစ်ယောက်အနေနဲ့ အသင်းအတွက် လိုအပ်တဲ့ အပြောင်းအလဲနဲ့ တိုးတက်မှုတွေကို ဖန်တီးပေးနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြောင်း ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်ကတော့ ကစားသမားတွေ၊ မြန်မာနိုင်ငံနဲ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ အိမ်မက် ပန်းတိုင်ကို အတူတကွ အကောင်အထည်ဖော် ပေးသွားဖို့ပဲ ဖြစ်ကြောင်း ပြောကြားသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post