Eleven Media Group

ပိုင်ဆိုင်မှုအငြင်းပွားနေသော ကူရီးလ်ကျွန်းသို့ ရုရှားသမ္မတဗလာဒီမာပူတင် လာခြင်းကို ဂျပန်က ပြင်းပြင်းထန်ထန် ကန့်ကွက်

သမ္မတ ဗလာဒီမာပူတင်သည် သြဂုတ် ၁၂ ရက်တွင် ရုရှားအရှေ့ဖျား ကူရီးလ်ကျွန်းများသို့ ပထမဆုံးအကြိမ်သွားခဲ့ရာ ထိုကျွန်းများကို ပိုင်သည်ဟု ပြောကြားသော ဂျပန်က ပူတင်၏ခရီးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ရုရှား-ဂျပန် ဆက်ဆံရေးများသည် အငြင်းပွားကျွန်းများနှင့်ပတ်သက်၍ဖြစ်ပေါ်လာသော တင်းမာမှုများ တောက်လျောက် ကပ်ပါနေသည်မှာကြာပြီဖြစ်သည်။

အဆိုပါကျွန်းများကို ဂျပန်တွင် မြောက်ပိုင်းနယ်မြေများဟု ခေါ်သည်။ ထိုကျွန်းများကို ၁၉၄၅ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုက သိမ်းပိုက်ထားခဲ့သည်။

ရုရှားအစိုးရက ကူရီးလ်ကျွန်းမကြီးလေး ကျွန်းထဲကတစ်ကျွန်းပေါ်ကို သွားခဲ့သည့် ပူတင်၏ဗီဒီယိုကို ပို့စ်တင်ခဲ့သည်။ ပူတင်သည် ငါးများသန့်စင်ထုပ်ပိုးသောစက်ရုံသို့ သွားခဲ့ခြင်းဖြစ်ပြီး ငါးဆားနယ်များကို လက် ဆောင်အဖြစ် လက်ခံခဲ့သည်ဟု ရုရှားမီဒီယာက ဖော်ပြခဲ့သည်။

ပူတင်သည် သြဂုတ် ၁၂ ရက်တွင် အနီးနားရှိ ရုရှားကျွန်း Sakhalin ကိုသွားခဲ့ပြီး နောက် ကူရီးလ်ကျွန်းများသို့သွားခဲ့ခြင်းဖြစ်သည်။ Sakhalin တွင် ရုရှားရေတပ် စစ်ရေးလေ့ကျင့်နေသည်။

အသက် ၇၃ နှစ်အရွယ် ပူတင်သည် Sakhalin တွင် ရုရှား၏အရှေ့ဘက်နယ်စပ်များ၏လုံခြုံရေးသေချာစေရန် အစည်းအဝေးလုပ်ခဲ့သည်ဟု RIA Novosti သတင်းဌာနက ဖော်ပြခဲ့သည်။

ဂျပန်က ပူတင်၏ခရီးစဉ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

“မြောက်ပိုင်း နယ်မြေတွေဟာ သမိုင်းအစဉ်အလာအားဖြင့်ရော၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရရော ဂျပန်ရဲ့အမွေခံပိုင်နက်တွေဖြစ်ပါတယ်။ ဂျပန်အစိုးရက ဒီခရီးကို ပြင်းထန်စွာကန့်ကွက်ပါတယ်”ဟု ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး တိုရှီမစ်ဆုမီတီဂျီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်း၌ အင်အားအပြည့်သုံးသော ပဋိပက္ခစတင်ကတည်းက ရုရှားနှင့် ဂျပန်တို့၏ဆက်ဆံရေးများသည် ဆိုးရွားခဲ့သည်။ ဂျပန်က ရုရှားကို ပိတ်ဆို့မှုများလုပ်ဆောင်ရာတွင် အခြား ဂျီ-၇ နိုင်ငံများနှင့်အတူ ပါဝင်ခဲ့ပြီး ယူကရိန်းထံ ငွေကြေးထောက်ပံ့့ခြင်း၊ လူသေစေနိုင်ခြင်းမရှိသော ကာကွယ်ရေးအကူအညီပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ဂျပန်၏ပိတ်ဆို့မှုများသည် အကြောင်းမဲ့ သက်သက်ပိတ်ဆို့မှုများဖြစ်သည်ဟု ပူတင်က သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“ဂျပန်က ရုရှားဟာ ခြိမ်းခြောက်မှုရဲဲ့ အဓိကအရင်းအမြစ်အဖြစ် ဖော်ထုတ်ထားပါတယ်။ ကျွန်တော်တို့က ဂျပန်ကို ခြိမ်းခြောက်နေတာမျိုးမရှိပါဘူး။ဒါ့အပြင်ကျွန်တော်တို့ရဲ့ပိုင်နက်နယ်မြေတွေကို တောင်းဆိုနေတာ မျိုးလည်းမရှိပါဘူး”ဟု ပူတင်က ပြောကြားခဲ့သည်။

Ref: AFP

Photos: AFP

မူရင်းသတင်း — Eleven Media Group