
■ Chubb Life Myanmar Insurance Company ကို အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်မည်
Chubb Life Myanmar Insurance ကုမ္ပဏီတွင် အာမခံဝယ်ယူထားသူများ အာမခံအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးနေပြီး နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီတစ်ခုက EOI အဆိုပြုလွှာ ပေးပို့ထားကာ စိစစ်မှုလုပ်ငန်းစဉ် Due Diligence ပြီးဆုံးချိန်တွင် အာမခံအမျိုးအစားအလိုက် သတ်မှတ်စည်းမျဉ်းများအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောကြားသည်။
ယနေ့ (စက်တင်ဘာ ၂၈ ရက်) ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က Chubb Life Myanmar Insurance ကုမ္ပဏီနှင့်ပတ်သက်၍ ပြည်သူများ၏ အာမခံအခွင့်အရေးများ ဆုံးရှုံးကြုံတွေ့နေမှုကို သက်ဆိုင်ရာဌာနများမှ မည်သို့ စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုကြောင်း မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
Chubb Life ၏ မြန်မာနိုင်ငံရုံးခွဲ Chubb Life Myanmar Insurance Limited ကို ၂၀၁၉ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး အသက်အာမခံလုပ်ငန်းများကို ဝန်ဆောင်မှုပေးခဲ့ရာ သုံးစွဲသူ Customer စုစုပေါင်း ၂၀၀၀၀ ကျော်၏ အသက်အာမခံဆိုင်ရာများကို ဝန်ဆောင်မှုပေးခဲ့ကြောင်း၊ သို့သော် ၂၀၂၅ ဒီဇင်ဘာတွင် Chubb Life Myanmar ၏ အသက်အာမခံ ဝန်ဆောင်မှုပေးခြင်းများအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းကို အာမခံကိုယ်စားလှယ်များမှတစ်ဆင့် အာမခံထားရှိသူများက သိရှိခဲ့ရပြီးနောက် အာမခံထားရှိသူများမှ ပုံမှန်ပေးသွင်းနေကျ အာမခံကြေးများကို ပေးသွင်းရန် Chubb ဘက်မှ လက်ခံခဲ့ခြင်းမရှိတော့ကြောင်း၊ ထိုအချိန်မှစ၍ ယနေ့အထိ Chubb Life Myanmar ဘက်မှ အသက်အာမခံထားရှိသူများကို တရားဝင် ဆက်သွယ်အကြောင်းကြားခြင်းနှင့် တရားဝင် ထုတ်ပြန်ခြင်းများ လုံးဝမရှိခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။
ထို့ကြောင့် အသက်အာမခံထားရှိသူများအနေဖြင့် အသက်အာမခံ အကာအကွယ်ကင်းမဲ့စွာဖြင့် နေနေရခြင်းနှင့် Chubb Life Myanmar ထံမှ မည်သည့် တရားဝင်အကြောင်းကြားစာကိုမျှ မရရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရပြီး ပေးသွင်းထားသော အာမခံငွေများအတွက် ပူပန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ Chubb Life Myanmar အနေဖြင့် တစ်သက်တာ ဘဝလုံခြုံမှုအတွက် အသက်အာမခံကို ယုံကြည်စွာ ထားရှိသည့် Policyholder များ၏ ယုံကြည်မှုကို အလေးမထားဘဲ ယနေ့အချိန်ထိ မည်သို့ စီစဉ်နေသည်ကိုလည်းကောင်း၊ မည်သို့ ဆက်လက်ဆောင်ရွက်နေသည်ကိုလည်းကောင်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုမှု မပြုခြင်းသည် ပြည်သူလူထု၏ အာမခံလုပ်ငန်းနယ်ပယ်အပေါ် ထားရှိသော အမြင်ကို ဆိုးဝါးစွာ သက်ရောက်မှုများဖြစ်ပေါ်နေစေကြောင်း၊သို့ဖြစ်ပါ၍ Chubb Life Myanmar Insurance ကုမ္ပဏီနှင့်ပတ်သက်၍ ပြည်သူများ၏ အာမခံအခွင့်အရေးများ ဆုံးရှုံးနေမှုကို သက်ဆိုင်ရာဌာနများမှ မည်သို့ စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုပါကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က မေးခွန်းမေးမြန်းသည်။
ထိုသို့မေးမြန်းမှုနှင့်ပတ်သက်၍ Chubb Life Myanmar Insurance Company သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏သဘောဖြင့် ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပိတ်သိမ်းခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်းနှင့်စပ်လျဉ်း၍ Chubb Life Myanmar Insurance Company မှ အသက်အာမခံ ဝယ်ယူထားသော ပေါ်လစီရှင်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ အာမခံအသင်း၌ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာနိုင်ငံ အာမခံအသင်းနှင့် လိုင်စင်ရ အသက်အာမခံကုမ္ပဏီများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတကာရှိ အာမခံကုမ္ပဏီများ ဖျက်သိမ်းသည့်အခါ ဆောင်ရွက်သည့် နည်းလမ်းဖြစ်သော ယင်းကုမ္ပဏီမှ အာမခံဝယ်ယူထားသည့် အသက်အာမခံကုမ္ပဏီ အသက်အာမခံပေါ်လစီများကို မြန်မာနိုင်ငံအတွင်းရှိ အခြား အသက်အာမခံကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောကြားသည်။
Chubb Life Myanmar Insurance Company ၏ ရရန်ရှိ၊ ပေးရန်ရှိများအား လွှဲပြောင်းရယူမည့် အသက်အာမခံကုမ္ပဏီထံမှ စိတ်ဝင်စားမှု အဆိုပြုလွှာ EOI ကို ဖိတ်ခေါ်ခဲ့ရာ နိုင်ငံခြား ရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီတစ်ခုက EOI အဆိုပြုလွှာ ပေးပို့လာခဲ့ပြီး ၎င်းတို့ တင်ပြထားသည့် EOI လုပ်ငန်းစဉ်များနှင့် အချိန်ဇယားများအတိုင်း Chubb Life Myanmar Insurance Company ၏ အသက်အာမခံ ပေါ်လစီများကို ဆန်းစစ်များ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ အသက်အာမခံ ပေါ်လစီရှင်များ စိစစ်မှုလုပ်ငန်းစဉ် Due Diligence ဆောင်ရရက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းခန့် စိစစ်ပြီးဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
"အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် Chubb Life Myanmar Insurance Company ထံမှ အာမခံဝယ်ယူထားတဲ့ ပြည်သူများ၏ အာမခံအခွင့်အရေးများ ဆုံးရှုံးမှု မရှိစေရေးအတွက် Chubb Life Myanmar Insurance Company အာမခံပေါ်လစီရှင်များ၏ လက်ခံရယူမယ့် ကုမ္ပဏီမှ စိစစ်မှုလုပ်ငန်းစဉ် Due Diligence ပြီးဆုံးချိန်မှာ အာမခံအမျိုးအစားပေါ် မူတည်ပြီးတော့ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မယ့် အခြေအနေများကိုလည်း Chubb Life Myanmar Insurance Company ရဲ့ အသက်အာမခံ ပေါ်လစီရှင်များသို့ အသိပေးကြေညာချက် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ Chubb Life Myanmar Insurance Company ကိုလည်း အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်" ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
Chubb Life Insurance ၏ ဖြစ်စဉ်သည် မြန်မာ့အာမခံသမိုင်းတွင် ထင်ရှားသော ဖြစ်စဉ်တစ်ခုဖြစ်၍ ဖွံ့ဖြိုးစ မြန်မာ့အာမခံလုပ်ငန်းနယ်ပယ်ကို ကြီးမားစွာ သက်ရောက်မှုဖြစ်စေခဲ့ကြောင်း၊ ပြည်ပလုပ်ငန်းရှင်ကြီးများမှ ယခုကဲ့သို့ကိစ္စမျိုး ထပ်မံကျူးလွန်ခွင့် မရစေရန် အာမခံအကာအကွယ် ရယူလိုသူ ပြည်သူလူထုက ယုံကြည်ထိုက်သော အကြောင်းအရာ၊ အစီအမံများကို အသက်အာမခံ ဥပဒေများ၊ နည်းဥပဒေများထဲတွင် ထည့်သွင်းပြဋ္ဌာန်းခြင်းနှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းကို ဆောင်ရွက်သင့်ပါကြောင်းနှင့် ထိုသို့ အသက်အာမခံ ဥပဒေများ၊ နည်းဥပဒေများထဲတွင် ထည့်သွင်း ပြဋ္ဌာန်းခြင်းနှင့် သက်ဆိုင်ရာ ဌာနများမှ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းများကို ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။
အဆိုပါ ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေကို ၁၉၉၆ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး နည်းဥပဒေကို ၁၉၉၇ ခုနှစ်မှာ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် နည်းဥပဒေကိုလည်း ညှိနှိုင်းတိုင်ပင်၍ လိုအပ်ချက်ရှိပါက နည်းဥပဒေကို ပြင်ဆင်ခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ရန် လိုအပ်ပါက ထုတ်ပြန်ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။