Eleven Media Group

မုန်တိုင်းငယ်အရေးပေါ်တုံ့ပြန်ရေး ကျန်းမာရေးဝန်ကြီးဌာနက EOC ၂၄ နာရီ ဖွင့်လှစ်မည်

မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သည့် မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ကွပ်ကဲမှုဌာန (Emergency Operation Center-EOC) ကို ၂၄ နာရီ ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်နှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများ ထိခိုက်မှုနည်းပါးစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၌ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအလိုက် သို့မဟုတ် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရုတ်တရက်ရေကြီးခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရန် EOC ကို ၂၄ နာရီ ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group