
မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များသည် အမှတ် (၄) ရပ်ကွက်ရှိ ငါးဂိမ်းလောင်းကစားရုံနှင့် Sex worker ပြည့်တန်ဆာရုံများအား သြဂုတ် ၁၃ ရက် ညနေ ၆ နာရီအချိန်ခန့်က ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်ရဲတပ်ဖွဲ့၊ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လွင်မိုး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်မှ တာဝန်ရှိသူများသည် အမှတ် (၄) ရပ်ကွက် အေးသာယာ (၄) လမ်းရှိ မခင်မေချမ်း ပိုင်ဆိုင်သော ငါးဂိမ်းလောင်းကစားရုံအား ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးရာတွင် လောင်းကစားဂိမ်းစက်ကိုင် မငြိမ်းငြိမ်းဌေးနှင့် လောင်းကစားပြုလုပ်နေသူများဖြစ်ကြသော ကိုခင်မောင်ထွေး၊ မတွယ်တာတို့အားလည်းကောင်း၊ မညိုညိုအောင်နှင့် အတူ ဂိမ်းစက်ကိုင် မစန်းစန်းယု၊ မနီလာတို့အား ဖမ်းဆီးစစ်ဆေးပြီး မြဝတီမြို့မရဲစခန်း...(ပ) ၂၆၈/၂၆နှင့် ( ပ) (၂၆၉/၂၆) လောင်းကစားပုဒ်မ ၁၇ (က) တို့ဖြင့် အမှူဖွင့်အရေးယူခဲ့ ကြောင်း သိရသည်။
သက်သေ ရပ်ကွက်လူကြီးများနှင့်အတူ မြဝတီမြို့မရဲစခန်းမှ ဒုရဲအုပ် သီဟကျော် ဦးစီးသော အဖွဲ့ကလည်း မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ ပြည်သာယာ (၄) လမ်းရှိ ပြည့်တန်ဆာရုံအား ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပြည့်တန်ဆာရုံမှ တာဝန်ခံမန်နေဂျာ ထူးအောင်လင်း အပါအဝင် လေးဦးနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ မအိမွန်သဲ အပါအဝင် ၃၂ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် မြဝတီမြို့မရဲစခန်း၏ (ပ) ၂၇၀/၂၆၊ ပြည့်တန်ဆာနှိပ်ကွတ်ရေးဥပဒေပုဒ်မ ၃ (က) ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo: CJ