
အသက်(၄၁)နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဒီနှစ်က သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးနှစ်ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ စီရော်နယ်လ်ဒိုက စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
''ဒါက ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝ နောက်ဆုံးနှစ် ဖြစ်နိုင်ပါတယ်။ ကျွန်တော် ထူးခြားတဲ့ အမွေအနှစ်တစ်ခု ချန်ထားခဲ့ချင်ပါတယ်။ အနာဂတ်အတွက် အစီအစဉ်အားလုံး ရေးဆွဲထားပြီးသားပါ။ ကျွန်တော် လုပ်စရာတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးသမားဘဝက အနားယူလိုက်ရင် ဟာကွက်အကြီးကြီးဖြစ်သွားနိုင်တဲ့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ဖြည့်ဆည်းရမှာကြောင့်ပါ။ ဒါကြောင့် တစ်ခုတည်းကို ပြောပြဖို့ ခက်ပါတယ်။ ပိုပြီးပျော်အောင်နေမယ်၊ ခရီးတွေသွားမယ်၊ ရုပ်ရှင်တွေကြည့်မယ်၊ Padel ကစားမယ်။ ရရှိထားတာတွေကို ပျော်ရွှင်စွာ ခံစားသွားမယ်။ ဘာကြောင့်လဲဆိုတော့ (၂၅)နှစ်အတွင်းမှာ စွန့်လွှတ်ခဲ့ရတာတွေ အများကြီးရှိလို့ပါ'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက ကစားသမားဘဝက အနားမယူခင် ဂိုး(၁၀၀၀)ပြည့်သွင်းယူနိုင်ဖို့ ရည်မှန်းထားသူဖြစ်ပြီး လက်ရှိအချိန်မှာ (၂၄)ဂိုးသာ လိုတော့ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုက သြဂုတ်(၁၁)ရက်နေ့မှာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ တရားဝင်လက်ထပ်ခဲ့ကြောင်းလည်း သိရပါတယ်။