
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ အင်္ဂလန်တိုက်စစ်မှူး အလန်ရှီးယားက မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုးရဲ့ နာမည်ကျော်သွင်းဂိုးဟာ လက်ရှိအချိန်မှာ အမည်းစက်စွန်းထင်းသွားပြီလို့ ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးက မန်စီးတီးအသင်းမှာ (၁၀)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ပွဲပေါင်း(၃၉၀)ကစားကာ ဂိုးပေါင်း(၂၆၀) သွင်းယူခဲ့တာပါ။
မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၅)ကြိမ်ရယူနိုင်ခဲ့ပြီး ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့တဲ့ ၂၀၁၁-၁၂ ရာသီမှာ သွင်းယူခဲ့တဲ့ နောက်ဆုံးဂိုးက နာမည်ကျော်ခဲ့တာပါ။
အဲဒီရာသီမှာ နောက်ဆုံးပွဲစဉ်အထိ မန်ယူအသင်းနဲ့ အမှတ်တူနေခဲ့ပြီး နောက်ဆုံးပွဲမှာ မန်ယူက ဆန်းဒါးလန်းကို အနိုင်ရခဲ့ချိန်၊ မန်စီးတီးအသင်းက QPR ကို မိနစ်(၉၀)ပြည့်တဲ့အထိ ရှုံးနိမ့်နေခဲ့ပြီးမှ နာကျင်အချိန်ပိုမှာ ဂျက်ကိုက ချေပဂိုးနဲ့ အဂွဲရိုးက အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ အဂွဲရိုးရဲ့ အနိုင်ဂိုးက ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ဂိုးတစ်ဂိုး ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီရာသီက မန်စီးတီးအသင်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ကာလအတွင်း ပါဝင်နေခဲ့တာကြောင့် အလန်ရှီးယားက အဂွဲရိုးရဲ့သွင်းဂိုး အမည်းစက်စွန်းထင်းသွားပြီလို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
''အဂွဲရိုးဂိုးသွင်းတာကို မာတင်တိုင်လာ ကြေညာခဲ့တဲ့ အဲဒီအခိုက်အတန့်က ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်အခိုက်အတန့်ပါပဲ။ အခုတော့ အမည်းစက်စွန်းထင်းသွားခဲ့ပါပြီ။ ဒီလို ထိပ်တန်းကစားသမားတွေကိုသာ မခေါ်ယူနိုင်ခဲ့ရင် အဲဒီအဖြစ်အပျက် ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်'' လို့ အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။