Eleven Media Group

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲအဆင့် ယှဉ်ပြိုင်ခွင့်ရတဲ့ တတိယအသက်အငယ်ဆုံး ကစားသမားအဖြစ် အန်ဂူမိုဟာ မှတ်တမ်းဝင်

Photo: X

အင်္ဂလန်အသင်းရဲ့ တောင်ပံကစားသမား အန်ဂူမိုဟာဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲအဆင့် ယှဉ်ပြိုင်ခွင့်ရတဲ့ တတိယအသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အန်ဂူမိုဟာဟာ ချက်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ Nations League ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး အသက်(၁၈)နှစ်နဲ့ (၃၁)ရက်သာ ရှိသေးတာကြောင့် တတိယအသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့တာပါ။
အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲအဆင့် ယှဉ်ပြိုင်ခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားက ၀ိန်းရွန်နီဖြစ်ပြီး ၂၀၀၃ ခုနှစ်က လက်ချင်စတိန်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ အသက် (၁၇ နှစ်၊ ၁၅၆ ရက်)နဲ့ စံချိန်တင်ထားတာပါ။
ဒုတိယအသက်အငယ်ဆုံး ကစားသမားကတော့ ဘယ်လင်ဂမ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်က ဆန်မာရီနိုနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသက်(၁၇ နှစ်၊ ၂၆၉)ရက်နဲ့ မှတ်တမ်းဝင်ခဲ့တာပါ။
အန်ဂူမိုဟာက ဇွန်လက နယူးဇီလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝကို အစပြုခဲ့ပြီး အင်္ဂလန်အသင်းရဲ့ (၁၃၀၀)ဦးမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အန်ဂူမိုဟာဟာ ချယ်လ်ဆီးအကယ်ဒမီကနေ လီဗာပူးလ်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်းမှာ နေရာရဖို့တော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group