
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုအနေနဲ့ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
စီရော်နယ်လ်ဒိုအနေနဲ့ ဘာကြောင့် အခုလို ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြခဲ့ခြင်းမရှိပေမဲ့ ဒိန်းမတ်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမှာမဟုတ်ကြောင်း နည်းပြ ဂျော့ချ်ဂျီးဆပ်စ်က ပြောကြားခဲ့တာကြောင့် ဖြစ်ဖွယ်ရှိကြောင်း မီဒီယာတွေက သုံးသပ်ဖော်ပြခဲ့ပါတယ်။
ဂျော့ချ်ဂျီးဆပ်စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ကိုင်တွယ်ခဲ့ပြီး စီရော်နယ်လ်ဒို ဆုဖလားအောင်ပွဲရရှိဖို့ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ပေါ်တူဂီလက်ရွေးစင်နည်းပြ ဖြစ်လာချိန်မှာတော့ စီရော်နယ်လ်ဒိုကို ပွဲတိုင်းအသုံးမပြုဘဲ ချန်လှပ်မှုတွေ ပြုလုပ်လာခဲ့တာပါ။
ဂျော့ချ်ဂျီးဆပ်စ်က ဝေးလ်စ်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို မိနစ်(၇၀)နီးပါး အသုံးပြုခဲ့ပေမဲ့ နော်ဝေအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ်တောင် အသုံးမပြုခဲ့ပါဘူး။
စီရော်နယ်လ်ဒိုကလည်း သူ လေ့ကျင့်ရေးစခန်းက ထွက်ခွာခဲ့ကြောင်း Instagram ကတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပြီး ထွက်ခွာခဲ့ရတဲ့အကြောင်းရင်းကို အချိန်တန်ရင် ပြောပြမယ်လို့လည်း ရေးသားခဲ့ပါတယ်။
ပေါ်တူဂီနည်းပြ ဂျော့ချ်ဂျီးဆပ်စ်ကတော့ စီရော်နယ်လ်ဒိုနဲ့ ဘာပြဿနာမှမရှိကြောင်း ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ဒီနေ့ညမှာ ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာကြောင့် လက်ရှိအချိန်မှာ ဒိန်းမတ်နိုင်ငံကို ရောက်ရှိနေပြီး စီရော်နယ်လ်ဒိုကတော့ စပိန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။