
မန်ယူအသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းရားက တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အသင်းမှာ ဆက်ရှိစေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်က အက်စတွန်ဗီလာနဲ့ ဘာစီလိုနာအသင်းတွေဆီ ဆက်တိုက်အငှားချခံခဲ့ရသူဖြစ်ပြီး ဘာစီလိုနာအသင်းက အပြီးသတ်ခေါ်ယူခြင်းမပြုတာကြောင့် မန်ယူအသင်းကို ပြန်ရောက်လာခဲ့တာပါ။
ဒါပေမဲ့ မန်ယူအသင်းက ကမ်းလှမ်းမှုတွေ ရှိလာရင် ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ မန်ယူအသင်းက ရပ်ရှ်ဖို့ဒ်ကို ကျောနံပါတ်(၁၄)ပေးအပ်ပြီး အသင်းမှာ ဆက်လက်နေရာပေးသွားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းထွက်ခဲ့ပေမဲ့ အေစီမီလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ရပ်ရှ်ဖို့ဒ်က ကျောနံပါတ်(၉) ဝတ်ဆင်ကစားခဲ့ကြောင်း သိရပါတယ်။
ဒါပေမဲ့ မန်ယူအသင်းက ရာသီကြိုကာလမှာ ဝတ်ဆင်ကစားတဲ့ ကျောနံပါတ်တွေက ယာယီသာဖြစ်ကြောင်းနဲ့ အခုရက်သတ္တပတ်အတွင်းမှာမှ ကျောနံပါတ်တွေ အတည်ပြုမှာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
''အပြောင်းအရွှေ့စျေးကွက်က ဖွင့်လှစ်ဆဲပါပဲ။ ကစားသမားတွေအနေနဲ့ကတော့ သူသာ ဆန္ဒရှိရင် သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူက အသင်းကို တိုးတက်စေနိုင်သူဆိုတာ သေချာပါတယ်။ သူ ဝင်လာပြီးနောက် ပြိုင်ဘက်ကို ပိုခြိမ်းခြောက်နိုင်တာကိုလည်း တွေ့ကြမှာပါ'' လို့ မက်ဂွိုင်းရားက အေစီမီလန်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။