Eleven Media Group

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ယနေ့(သြဂုတ် ၁၇ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသည်။

ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗနူကာဗာ- ၂(Vnukovo- 2) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့(သြဂုတ် ၁၇ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗနူကာဗာ- ၂(Vnukovo- 2) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလာကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group