Eleven Media Group

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ရာဂျာစတန်ပြည်နယ်မှ အစိုးရအဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်မှ အစိုးရအဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် ယနေ့(သြဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ရောက်ရှိကြရာ ရာဂျာစတန် ပြည်နယ်ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် လေဆိပ်ဧည့်ခန်းမဆောင်တွင် ရာဂျာစတန် ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ဇွန်လအတွင်း တရားဝင်ခရီးစဉ် လာရောက်ခဲမှုနှင့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ချစ်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဘက်ကောင်းမွန်အောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံ ပြည်သူများအကြားကူးလူးဆက်ဆံမှု များစွာရှိပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လက်ရှိအချိန်တွင် ဒေသအတွင်း အကောင်းဆုံးဖြစ်သည့် အခြေနေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများတိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ရာဂျာစတန် ပြည်နယ်ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဂျီပူရ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group