Eleven Media Group

■ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သော အထပ်မြင့် စုပေါင်းတိုက်ခန်းများဆိုင်ရာ ဥပဒေရေးဆွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုတင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သော အထပ်မြင့် စုပေါင်းတိုက်ခန်းများဆိုင်ရာ ဥပဒေတစ်ခုရေးဆွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ယနေ့ (ဩဂုတ် ၁၈ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်က တင်သွင်းသည်။

လူနေထူထပ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် မြေပိုင်ဆိုင်သူများသည် ဆောက်လုပ်ရေး ကန်ထရိုက်များနှင့် ပူးပေါင်း၍ ၎င်းတို့၏ မြေနေရာများပေါ်တွင် အဆင့်မြင့်တိုက်ခန်းများ ဆောက်လုပ်ကာ အခြားပြည်သူများ နေထိုင်ရန် အိမ်အဖြစ် ပြန်လည်ရောင်းချလျက်ရှိကြောင်း၊ စတင် ဆောက်လုပ်စဉ်ကာလတွင် မြေရှင်၊ ကန်ထရိုက် စာချုပ်ချုပ်ဆို၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြပြီး အများပြည်သူသို့ ရောင်းချကြသော်လည်း စတင်ဆောက်လုပ်စဉ် ကတည်းက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်တောင်းခံထားမှု မရှိခြင်း၊ ဆောက်လုပ်စဉ်ကာလများတွင် စည်းကမ်းလိုက်နာမှု မရှိခြင်းတို့ကြောင့် လူနေထိုင်ခွင့် BCC မရရှိသေးသည့်အခါ မြေရှင်နှင့် ကန်ထရိုက်များကြားမှ မိမိတို့ ရောင်းချထားသော တိုက်ခန်းများပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းမှုများကြောင့် ကြိုတင်ငွေပေးချေ၍ ဝယ်ယူထားသော တိုက်ခန်းဝယ်ယူသူများ နစ်နာလျက်ရှိသည်ကို တွေ့ရှိရကြောင်း အဆိုတင်သွင်းစဉ် ဦးကျော်မင်းထက်က ပြောကြားသည်။

အခန်းတန်‌ကြေးများကို စတင်မဆောက်လုပ်မီ Foundation စတင်တူးစဉ်ကာလကတည်းက ကြိုတင်ရယူထားပြီး အခန်းဝယ်ယူသူများ၏ ငွေပေးချေမှု ငွေများဖြင့် အဆောက်အဦး ဆောက်လုပ်မှုကို ဆောင်ရွက်ခဲ့ကြသော်လည်း ကန်ထရိုက်နှင့် မြေရှင်တချို့၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းမှုကြောင့် အချို့အဆောက်အအုံများသည် နှစ်ကာလတစ်ခု ကြာမြင့်သည်အထိ နေထိုင်ခွင့် မရရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဝယ်ယူသူများသည်လည်း နစ်နာလျက်ရှိကြောင်း အဆိုတင်သွင်းစဉ် ဦးကျော်မင်းထက်က ပြောကြားသည်။

"ကွန်ဒိုအဆောက်အအုံများတွင် သတ်မှတ် အချိန်ကာလအတွင်း မအပ်နှံနိုင်ပါက လျော်ကြေးပေးဆောင်ရသည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားရှိပါသော်လည်း ကွန်ဒိုမဟုတ်သော အထက်မြင့် စုပေါင်းနေ တိုက်ခန်းများ (Apartment) များမှာ ကျွန်တော်တို့ တိကျတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားခြင်း မရှိတာဖြစ်တဲ့အတွက်ကြောင့် အများပြည်သူများ နစ်နာလျက်ရှိသည်ကို တွေ့ရှိရတာဖြစ်ပါတယ်"ဟု ဦီးကျော်မင်းထက်က ပြောကြားသည်။

တစ်ခါတစ်ရံ တိုက်ခန်းဝယ်ယူသူများမှ အခန်းတန်ကြေးများ ကြိုတင်ရယူထားပြီး အခန်းလွှဲပြောင်းအပ်နှံရန် နှောင့်နှေးလျက်ရှိသော ကန်ထရိုက် သို့မဟုတ် မြေရှင်များအား ကျေနပ်မှုမရှိသောကြောင့် တစ်စုံတစ်ရာ ဆောင်ရွက်လိုလျှင် သက်ဆိုင်ရာ တရားရုံးများ၌ စာချုပ်ပေါ်မူတည်၍ တရားမမှုများအဖြစ် တရားစွဲဆိုနေရတာကို မြေပြင်တွင် တွေ့ရှိနေရပြီး မလိုလားအပ်သော တရားရုံးစရိတ်များ ကျခံဆောင်ရွက်နေရကာ မိအေးနှစ်ခါနာဖြစ်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

"တစ်ခါတရံ စာချုပ်ရဲ့ လစ်ဟာချက်ရှိမှုများကြောင့် ကြိုတင်ငွေပေးချေ ဝယ်ယူထားသူများမှာ မြွေပါလည်း ဆုံး၊ သားလည်း ဆုံး ဖြစ်နေရတာတွေရှိနေပါတယ်"ဟု ဦးကျော်မင်းထက်က ပြောကြားသည်။

အဆိုပါဥပဒေသည် နှစ်ကာလရှည်ကြာစွာ မြေပြင်တွင် ဖြစ်ပေါ်နေတဲ့ ပြဿနာများကို ဖြေရှင်းရန်အတွက် ထုတ်ပြန်ရမည့်ဥပဒေဖြစ်ခြင်း‌ကြောင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်ရန်လိုကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြေရှင်များနှင့် နေထိုင်သူများ စသည်ဖြင့် လူပေါင်းများစွာ၏ အကြံပြုချက်များ ရယူပြီးမှ ရေးဆွဲရမည့် ဥပဒေဖြစ်ခြင်းကြောင့် အဆိုအဖြစ် တင်ပြရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုဥပဒေသည် မြေရှင်၊ တိုက်ခန်းပိုင်ရှင်၊ နေထိုင်သူ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် စီမံခန့်ခွဲသူများ၏ အခွင့်အရေးနှင့် တာဝန်၊ ရပိုင်ခွင့်များကို ဥပဒေအရ ရှင်းလင်းစွာသသတ်မှတ်ပေးနိုင်မည်ဖြစ်သည့်အပြင် အနာဂတ် မြို့ပြလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တိကျခိုင်မာသည့် ပိုင်ဆိုင်မှုစာရင်း ပြုစုရာတွင်လည်း အထောက်အကူဖြစ်စေပြီး နိုင်ငံတော်က ရရှိမည့် အခွန်အခများကို ပိုမိုရရှိနိုင်အောင် တိုက်တွန်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုဥပဒေသည် ပိုင်ဆိုင်မှုကို ဥပဒေအရ ကာကွယ်ပေးပြီး နိုင်ငံတော်အနေဖြင့် တိုက်ခန်းရောင်းဝယ်မှုများမှ အခွန်အခများ ရရှိမည်ဖြစ်ကြောင်း၊ တရားမဝင်ငွေကြေးများ တိုက်ခန်းဝယ်ယူမှုဈေးကွက်အတွင်း ဝင်ရောက်လာမှုကို ထိန်းချုပ်စောင့်ကြည့်နိုင်မည်ဖြစ်သဖြင့် ငွေကြေးခဝါချမှုအား ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မူရင်းသတင်း — Eleven Media Group