
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စက်တင်ဘာလဆန်းပိုင်းတွင် ကမ္ဘောဒီးယားသို့ သွားရောက်မည်ဟု The Phnom Penh Post သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါ ခရီးစဉ်ကို ကမ္ဘောဒီးယားအထက်လွှတ်တော်က အတည်ပြုခဲ့ပြီး နန်းတော်ရေးရာဝန်ကြီး ခူဆိုဖယ်လ်နှင့် ပြည်တွင်းနှင့် နိုင်ငံတကာ ပွဲတော်များ ကျင်းပရေး အမျိုးသားကော်မတီ၏ အမြဲတမ်း ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ချင်ကတ်နာ တို့သည် သမ္မတဦးမင်းအောင်လှိုင်အား ကြိုဆိုဧည့်ခံနိုင်မည့် နေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
သမ္မတဦးမင်းအောင်လှိုင်၏ ခရီးစဉ်သည် ကမ္ဘောဒီးယားနှင့် မြန်မာကြား ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေရန်ဖြစ်သည်ဟု အထက်လွှတ်တော်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ချီယာ သိုင်းရတ်သ်က The Phnom Penh Post ကို ပြေကြားခဲ့သည်။
"နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး နှစ်ဦးနှစ်ဖက်လုံးအတွက်လည်း အကျိုးရှိပါတယ်" ဟု ၎င်းက ဆိုသည်။
သမ္မတဦးမင်းအောင်လှိုင်သည် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း နှင့် ရုရှား စသည့် ၅ နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။
ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အင်စတီကျု၏ ဥက္ကဋ္ဌ ကင်ဖီယာက ယခုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် နှစ်ဖက်စလုံး၏ ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။
ကမ္ဘောဒီးယားသည် ၂၀၂၂ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်က မြန်မာနိုင်ငံ၏ တင်းမာမှုအခြေအနေများကို လျှော့ချပေးနိုင်ရန် ကြိုးပမ်းခဲ့ဖူးကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
ကမ္ဘောဒီးယားအနေဖြင့် ယခင်က အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့တွင် ကြုံတွေ့ခဲ့ဖူးသည့် သင်ခန်းစာများကို မျှဝေပေးနိုင်ကြောင်း ကင်ဖီယာက အလေးပေးပြောဆိုခဲ့သော်လည်း အဆိုပါ ကြိုးပမ်းမှုများသည် ပြင်ပမှ ဖိအားပေးမှုထက် မြန်မာနိုင်ငံအတွင်း၌ပင် အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: The Phnom Penh Post