
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ရုရှားဖက်ဒရေးရှင်နိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ကျင်းပခဲ့သည်။
ယနေ့(သြဂုတ် ၁၈ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်နိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်နိုင်ငံ သမ္မတ H.E. Mr. Vladimir Vladimirovich Putin တို့ ရှေ့မှောက်တွင် နှစ်နိုင်ငံ တာဝန်ရှိသူများက မြန်မာ-ရုရှား နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်နိုင်ငံ သမ္မတ H.E. Mr. Vladimir Vladimirovich Putin နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။
ထို့နောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်နိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin တို့သည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။