Eleven Media Group

■ အီရန်နှင့် ဆွေးနွေးရန် အစီအစဉ်မရှိဟု ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပြီး ဟော်မုဇ်သည် အမေရိကန်၏နယ်မြေသစ်ဟု ထပ်‌မံပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် မည်သည့်ဆွေးနွေးပွဲမျှ ပြုလုပ်နေခြင်းမရှိသကဲ့သို့ ပြုလုပ်ရန်လည်း အစီအစဉ်မရှိဟု ဩဂုတ် ၁၈ ရက်တွင် ပြောကြားလိုက်ပြီး အီရန်အတွက် ပြက်လုံးသစ်အဖြစ် ဟော်မုဇ်ရေလက်ကြားအား အမေရိကန်၏ ပိုင်နက်နယ်မြေသစ်အဖြစ် ထပ်မံပြောကြားသည်။

သြဂုတ် ၁၈ ရက် အစောပိုင်းက ထရန့်က Truth Social တွင် ဟော်မုဇ်ရေလက်ကြားအား အမေရိကန်ပိုင်နယ်မြေသစ်အဖြစ် ဖော်ပြထားသည့် မြေပုံကို ပို့စ်တင်ခဲ့သည်။

အမေရိကန် ခေါင်းဆောင်သည် အိမ်ဖြူတော်ရှိ သမ္မတရုံး၌ သတင်းထောက်များအား ပြောကြားရာတွင်လည်း အဆိုပါ ရေလက်ကြားအား ပိုင်ဆိုင်ခွင့်တောင်းဆိုခြင်းသည် စိတ်ကူးကောင်းဖြစ်လိမ့်မည်ဟု သြဂုတ် ၁၇ ရက်တွင် ထပ်မံ‌ပြောကြားခဲ့သည်။

ခြောက်လနီးပါး ကြာမြင့်နေပြီဖြစ်သော အီရန်စစ်ပွဲ ပြေလည်မည့်အရိပ်အယောင် မမြင်ရသေးချိန်တွင် ထရန့်က စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသော ရေလက်ကြားအား ပိုင်ဆိုင်သည်ဟု ဆက်လက်ခြိမ်းခြောက်နေသည်။

အမေရိကန်နှင့် အီရန်တို့ "အလွန်အပြုသဘောဆောင်ပြီး တက်ကြွသော ဆွေးနွေးမှုများ" ရှိနေကြောင်း ထရန့်၏ သံတမန်လည်းဖြစ်၊ သားမက်လည်းဖြစ်သူ ဂျရတ်ကူရှ်နာက သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သော်လည်း သမ္မတကမူ ထိုပြောကြားချက်ကို ငြင်းဆိုခဲ့သည်။

"အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ ဘာဆွေးနွေးပွဲ ဒါမှမဟုတ် စကားပြောဆိုမှုမျှ ပြုလုပ်နေတာ မရှိသလို ပြုလုပ်ဖို့အစီအစဉ်လည်း မရှိပါဘူး။ ရေကြောင်းပိတ်ဆို့မှုကိုလည်း အပြည့်အဝ ဆက်လက်လုပ်‌ဆောင်နေပါတယ်" ဟု ထရန့်က သူ၏ Truth Social တွင် ရေးသားခဲ့သည်။

၎င်းအပြင် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားပြီး မိုင်းအန္တရာယ်ရှင်းလင်းရေးများလည်း လုပ်ဆောင်နေကြောင်း၊ ရေမြှုပ်မိုင်းအားလုံးကို ဖယ်ရှားပြီး သို့မဟုတ် ဖောက်ခွဲဖျက်ဆီးပြီးဖြစ်‌ကြောင်း ထရန့်က ဖော်ပြခဲ့သည်။

အမေရိကန် သတင်းအရင်းအမြစ်အချို့က AFP သတင်းဌာနသို့ ပြောကြားရာတွင် အီရန်နှင့် ကောင်းမွန်သော ဆွေးနွေးမှုအချို့ ရှိခဲ့သော်လည်း အီရန်ဘက်က သဘောတူညီချက်ရယူရန် အဆင်သင့်မဖြစ်သေးသရွေ့စောင့်ဆိုင်းရန်နှင့် စေ့စပ်ဆွေးနွေးခြင်းမပြုရန် ထရန့်က အဖွဲ့အား ညွှန်ကြားထားသည်ဟု ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်များအတွင်း တိုက်ပွဲများ ငြိမ်သက်နေခဲ့သော်လည်း ဩဂုတ် ၁၇ ရက်တွင် ယူအေအီးက အီရန်သည် ရေကြောင်းသွားလာရေးကို ပစ်မှတ်ထားကာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ရာ ပင်လယ်ပြင်သို့ ကျရောက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ သို့သော် အီရန်က ယူအေအီးကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိဟုဆိုကာ ပယ်ချထားသည်။

ထို့နောက် မကြာမီမှာပင် ယူအေအီးက ဒေသတွင်းပဋိပက္ခများ မြင့်တက်လာမှုကြောင့်အီရန်နှင့် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်သည်ဟု ကြေညာခဲ့သည်။

စစ်ပွဲ၏ ပထမကာလတွင် ယူအေအီးသည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသော်လည်း ဇွန်လ တိုက်ပွဲများ ရပ်တန့်ရန် အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း မည်သည့်တိုက်ခိုက်မှုကိုမျှ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။

Ref: AFP
Photos: AFP

မူရင်းသတင်း — Eleven Media Group