
ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်အပါအဝင် အခြားမြို့များကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်တွင် ပြောကြားလိုက်ပြီး နိုင်ငံခြားသားများနှင့် သံတမန်များ ကိယက်ဗ်မြို့မှ ထွက်ခွာရန် သတိပေးထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံအတွင်းရှိ အရပ်သားများနှင့် အရပ်ဖက်အခြေခံ အဆောက်အအုံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ရုရှားစစ်တပ်ကလည်း ကိယက်ဗ်နှင့် ယူကရိန်းရှိ အခြားမြို့များမှ စစ်ရေးပစ်မှတ်များကို စနစ်တကျ ရွေးချယ်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံခြားသံတမန်များ အပါအဝင် နိုင်ငံခြားသားများအနေဖြင့် ယူကရိန်းနိုင်ငံအတွင်း ဆက်လက် နေထိုင်ခြင်း၊ နိုင်ငံအတွင်းသို့ သွားရောက်ခြင်းများ မပြုလုပ်ကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံသတိပေးနေသည်။ သတိပေးချက်ကို လျစ်လျူရှုပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ကြုံတွေ့လာပါက ၎င်းတို့၏တာဝန်သာ အပြည့်အဝ ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရုရှားသည် မကြာသေးမီက ကိယက်ဗ်ရှိ အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ဒနီပရိုမြစ်ကို ဖြတ်သန်းဆောက်လုပ်ထားသည့် တံတားတစ်စင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
ရုရှား၏တိုက်ခိုက်မှုများ အရှိန်ပိုအားကောင်းလာခြင်းကြောင့် လူဦးရေသုံးသန်းခန့် နေထိုင်ရာ ကိယက်ဗ်မြို့တွင် နေ့စဉ်လူမှုဘဝများ ထိခိုက်လာကာ အအေးဒဏ်ပြင်းထန်သည့် ဆောင်းရာသီကို ရင်ဆိုင်ရတော့မည့်အချိန် တိုက်ခိုက်မှုများကြောင့် မြို့ခံများအတွက် ပိုမိုခက်ခဲလာနိုင်သည်။
ရုရှားတပ်ဖွဲ့များက ယူကရိန်းရှိ ပစ်မှတ်အမျိုးမျိုးကို စနစ်တကျ ဆက်လက်တိုက်ခိုက်နေမည်ဖြစ်သဖြင့် ယင်းအကျိုးဆက်များကို ယူကရိန်းက ဆက်လက်ခံစားရဦးမည်ဖြစ်ကြောင်း သမ္မတပူတင်က ပြောဆိုထားသည်။
Ref: Reuters