
AI နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် အခွင့်အလမ်းများကို လေ့လာသုံးသပ်ရန်နှင့် ထိုနည်းပညာကို ကြီးကြပ်ရာတွင် ဖက်ဒရယ်အစိုးရက မည်သို့ပါဝင် ဆောင်ရွက်သင့်သည်ကို စိစစ်ရန် အိမ်ဖြူတော်က အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဝေါစထရိဂျာနယ်က အောက်တိုဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။
“Super Intelligence Force” အမည်ရှိ ၎င်းအဖွဲ့ကို အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျေးကလေတန်က ဦးဆောင်မည်ဖြစ်ပြီး လေ့လာတွေ့ရှိချက်များကို တင်ပြရန် ရက်ပေါင်း ၁၂၀ အချိန်ပေးထားသည်။
အဆိုပါအဖွဲ့က လက်ရှိကျင့်သုံးနေသည့် ဥပဒေများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး အမေရိကန်ကွန်ဂရက် လွှတ်တော်အနေဖြင့် မည်သည့်အစီအမံများ ဆောင်ရွက်နိုင်သည်ကိုလည်း လေ့လာမည်ဖြစ်သည်။ ထို့ပြင် နည်းပညာကဏ္ဍမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ AI ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် အခွင့်အလမ်းများကို ဖော်ထုတ်သွားမည်။
အဆင့်မြင့် AI နည်းပညာကြောင့် ပေါ်ပေါက်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်နိုင်မည့် အစီအစဉ်များ ရေးဆွဲပေးရန်လည်း ထိုအဖွဲ့ကို တာဝန်ပေးထားသည်။ သို့သော် နည်းပညာဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းကို ရှောင်ရှားရန် ညွှန်ကြားထားသည်။ လက်ရှိဥပဒေများအရ အစိုးရက တုံ့ပြန်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ပိုမိုထိရောက်အောင် ပြင်ဆင်ရန် အကြံပြုချက်များလည်း ထိုအဖွဲ့က တင်ပြရမည်ဖြစ်သည်။
ဒေါ်နယ်ထရန့်နှင့် နည်းပညာနယ်ပယ်မှခေါင်းဆောင်များ အိမ်ဖြူတော်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံခဲ့ပြီးနောက် ထိုအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အိမ်ဖြူတော် တွေ့ဆုံပွဲသို့ OpenAI ဥက္ကဋ္ဌ ဂရက်ဘရော့ခ်မန်း၊ Anthropic အမှုဆောင်အရာရှိချုပ် ဒါရီယို အမိုဒီနှင့် Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ်တို့လည်း တက်ရောက်ခဲ့ကြသည်။
Ref: Anadolu Agency (AA)