Eleven Media Group

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က AI နည်းပညာအသုံးပြုထားသည့် ဒုံးကျည်တစ်စင်းစမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က AI နည်းပညာအသုံးပြုထားသည့် ဒုံးကျည်တစ်စင်းစမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက အောက်တိုဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဒုံးကျည်သည် AI နည်းပညာဖြင့် ပျံသန်းသည့်လမ်းကြောင်းကို ချိန်ညှိနိုင်ကြောင်း၊ ယင်းဒုံးကျည်ဖြင့်တိုက်ခိုက်မှုကို ရှောင်လွှဲရန် လုံးဝမဖြစ်နိုင်တော့ကြောင်း ကင်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်ကို အောက်တိုဘာ ၂ ရက်နံနက်အစောပိုင်းက မြောက်ကိုရီးယား၏ အရှေ့ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သော ဝွန်ဆန်မြို့အနီးတစ်ဝိုက်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီတာ ၇၀၀ (မိုင် ၄၃၅) ကျော် ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထပ်မံထုတ်ပြန်ခြင်း မရှိပေ။

ကင်သည် ဒုံးကျည်ပစ်လွှတ်မှုကို ကြီးကြပ်ပြီးနောက် ယနေ့ ပြုလုပ်ခဲ့သော ပစ်လွှတ်ရေး လေ့ကျင့်ခန်းမှတစ်ဆင့် မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်မှု အရည်အချင်းများနှင့် တန်ပြန်တိုက်ခိုက်ရေး အနေအထားတို့ကို အပြည့်အဝ ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု KCNA ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

KCNA ကထုတ်ပြန်သည့် ဓာတ်ပုံများတွင် မီးတောက်များ ထွက်ပေါ်ပြီး ကောင်းကင်သို့ ထိုးတက်သွားသည့် ဒုံးကျည်တစ်စင်းကို မြင်တွေ့ရသည်။

အခြားဓာတ်ပုံတစ်ပုံတွင်မူ ကင်က ၎င်း၏သမီး ဖြစ်သူ ကင်ဂျူအဲနှင့် ဇနီးဖြစ်သူ ရီဆိုလ်ဂျူတို့ကြားတွင် ရယ်မောနေသည်ကို တွေ့ရပြီး ဇနီးဖြစ်သူ ရီဆိုလ်ဂျူမှာ အောင်ပွဲခံသည့်အနေဖြင့် လက်ခုပ်တီးနေသည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ် လူသိရှင်ကြား ထွက်ပေါ်လာခဲ့သည့် ကင်ဂျူအဲသည် အဓိကကျသော နိုင်ငံတော်အခမ်းအနားများနှင့် စစ်ရေး အခမ်းအနားများတွင် ပိုမိုထင်ရှားလာသည့် အခန်းကဏ္ဍများမှ ပါဝင်လာခဲ့သဖြင့် သူသည် ကင်၏နေရာကို ဆက်ခံမည့် အဓိက ဖြစ်နိုင်ချေရှိသူဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က သုံးသပ်ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကို ဟိုက်ပါဆိုးနစ် မဟာဗျူဟာမြောက် လက်နက်စနစ်ကို ကိုင်တွယ်နေသည့် စစ်သားများ လေ့ကျင့်ရေးတွင် အထောက်အကူပြုရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။

ကိုရီးယားစစ်မဲ့ဇုန် (DMZ) အတွင်း တောင်ကိုရီးယား စစ်သည်သုံးဦး ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုအတွက် မြောက်ကိုရီးယားဘက်မှ တာဝန်ရှိသည်ဟု ပြစ်တင်စွပ်စွဲပြီး မြောက်ကိုရီးယားအနေဖြင့် ပြန်လည်တောင်းပန်ရန် တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခု ဒုံးကျည်ပစ်လွှတ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားဘက်ကမူ ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုအတွက် တာဝန်မရှိကြောင်း ငြင်းဆိုထားပြီး တောင်ကိုရီးယားကို စက်ဆုပ်ဖွယ်ကောင်းသည်ဟု ပုတ်ခတ်ပြောဆိုခဲ့သဖြင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းနေသည့် တောင်ကိုရီးယား သမ္မတ၏ ကမ်းလှမ်းချက်များကို ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

မူရင်းသတင်း — Eleven Media Group