
စစ်ပွဲပြီးဆုံးရန် ဆွေးနွေးမှုများ အဆင်မပြေသည့်အနေအထားတွင် အီရန်ကို ဆင်နွှဲနေသည့် အမေရိကန် ၏ စစ်ပွဲအတွက် စစ်ရေးနည်းလမ်းရှိလာလိမ့်မည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။
ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေးက ဖေဖော်ဝါရီလကုန်တွင် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲသဖြင့် ဖြစ်ပွားသော စစ်ပွဲပြီးဆုံးရေးကို အဆုံးအဖြတ်မပေးခဲ့ပေ။ စစ်ဆင်ရေးများကို အထောက်အကူဖြစ်စေရန် မကြာသေးမီက ဝါရှင်တန်ကစီးပွားရေးဆိုင်ရာ ဖိအားပေးမှုများ လုပ်ဆောင်ခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို အီရန်၏ပိတ်ဆို့မှုက အဓိက ပြဿနာအဖြစ် ဆက်လက်ရှိနေသည်။ ယူကေ ရေကြောင်းအေဂျင်စီက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ရာ၌ ဟော်မုဇ်ရေလက်ကြား၌ ရေနံတင် သင်္ဘောတစ်စင်းသည် အမျိုးအမည်မသိရသောဒုံးကျည် ထိမှန်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ရန်သူတွေကစစ်ရေးထိပ် တိုက်တွေ့မှုလမ်းကြောင်းကို ရွေးချယ်ခဲ့မယ်ဆိုရင် ကျွန်တော် တို့ရဲ့တုံ့ပြန်မှုကလည်း အရင်ကထက်ပိုမိုပြင်းထန်လာပါလိမ့်မယ်။ ကျွန်တော်တို့ ပိုလို့တောင်ကြီးမားတဲ့ အင်အားနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သွားမှာဖြစ်ပါတယ်"ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက် ချီက ပြည်ပသံအမတ်ကြီးများနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။
"စစ်ရေးနည်းလမ်း မရှိပါဘူး။ ပိတ်ဆို့မှုအသစ်တေွအပေါ် အခြေခံထားတဲ့ နည်းလမ်းဆိုတာလည်းရှိမှာ မဟုတ်ပါဘူး။ တရားနည်းလမ်းကျမှုနဲ့ တရားမျှတမှုတို့အပေါ် အခြေခံတဲ့ဆွေးနွေးမှုတွေကသာလျှင် ပဋိပက္ခကို အဆုံးသတ်စေနိုင်ပါလိမ့်မယ်"ဟု အာရက်ချီက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref:AFP