Eleven Media Group

■ အမေရိကန်စစ်တပ်ကို အကူအညီပေးနေသည့် ပင်လယ်ကွေ့နိုင်ငံများကို အီရန်စစ်ဦးစီးချုပ် သတိပေး

အမေရိကန်စစ်တပ်ကို အကူအညီပေးနေသော ပင်လယ်‌ကွေ့နိုင်ငံများကို ဩဂုတ် ၁၉ ရက်တွင် အီရန်စစ်တပ်က သတိပေးလိုက်ပြီး ယင်းသို့ အမေရိကန်စစ်တပ်ကို အကူအညီပေးနေခြင်းသည် အမေရိကန်စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်သည့်သဘော သက်ရောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

"ကျူးကျော်သူ အမေရိကန်စစ်တပ်အတွက် လုပ်ဆောင်ပေးနေတဲ့ အကူအညီ ဒါမှမဟုတ် ပံ့ပိုးမှုမှန်သမျှဟာ အမေရိကန်စစ်ဆင်ရေးမှာ ပါဝင်တယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်လို့ ကျွန်တော်တို့ သတိပေးချင်ပါတယ်"ဟု အီရန်စစ်ဦးစီးချုပ် အလီအက်ဒိုလာဟီက ပြောကြားကြောင်း အီရန်၏ Mehr သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်ကို တိုက်ခိုက်ခဲ့သောကြောင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နှင့် အမေရိကန်တို့ စစ်ပွဲဖြစ်ပွားခဲ့သည်။ အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

"အရေအတွက်များပြားလှတဲ့ လေယာဉ်တွေ အထူးသဖြင့် လောင်စာပြန်လည်ဖြည့်တင်းပေးတဲ့ လေယာဉ်တွေဟာ အိမ်ရှင်နိုင်ငံတွေ မသိဘဲနဲ့ ဒေသတွင်း အခြေစိုက်စခန်းတွေကို ရောက်လာဖို့ ဖြစ်လာနိုင်စရာမရှိပါဘူး"ဟု အက်ဒိုလာက ပြောကြားခဲ့သည်။

"အီရန်ကို တိုက်ခိုက်ရာမှာ မိမိတို့ရဲ့နယ်မြေတွေကို အမေရိကန်အား အသုံးပြုခွင့်မပေးပါဘူးလို့ ဖော်ပြထားတဲ့ အမျိုးမျိုးသော ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့ကြတဲ့ ပါရှန်းပင်လယ်‌ကွေ့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေအနေနဲ့ အခြေအနေကို ကျွန်တော်တို့ ကောင်းကောင်းသိရှိနေတယ်ဆိုတဲ့ အချက်ကို သိရှိထားသင့်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပေါ်က အမှုထမ်းများ၏ နေထိုင်ရေးအခြေအနေများ ဆိုးရွားလာနေသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းသင်္ဘောကို တာဝန်မှ အနားပေးရန် အခြား လေယာဉ်တင်သင်္ဘောတစ်စင်းဖြစ်သည့် USS George Washington အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် အီရန်စစ်ဦးစီးချုပ်၏ အထက်ပါ သတိပေးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။

Ref: AFP
Photos: AFP

မူရင်းသတင်း — Eleven Media Group