Eleven Media Group

■ ကလောမြို့နယ် ဝက်ဖြူရေ (အောက်) ရွာတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဝက်ဖြူရေ (အောက်) ကျေးရွာတွင် ဩဂုတ် ၂၁ ရက် ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကလော- မိတ္ထီလာ ပြည်ထောင်စုလမ်းမကြီး မောင်းနှင်လာသော အဆိုပါ ယာဉ်သည် မိုင်တိုင်အမှတ် (၅၈/၂) နှင့် (၅၈/၃) ကြား ကလောမြို့နယ် ဝက်ဖြူရေ (အောက်) ကျေးရွာသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်မှာ တောင်ကြီးမြို့မှ မန္တလေးမြို့သို့ ပဲတီစိမ်းကုန်အိတ်များ တင်ဆောင်လျက် မောင်းနှင်လာသော MITSUBSHI CANTER ၆ ဘီး မော်တော်ယာဉ်ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ တောင်ကြီးမြို့နေ ကိုစိန်တင့်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသေဆုံးသူ ယာဉ်မောင်း၏ ရုပ်အလောင်းအား ကလောခရိုင် ပြည်သူ့ဆေးရုံသို့ ကရုဏာလူမှုကူညီရေးအသင်းမှ ကူညီ၍ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ကလောမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဓာတ်ပုံ- ကရုဏာလူမှုကူညီရေးအသင်း (ကလောမြို့)

မူရင်းသတင်း — Eleven Media Group