Eleven Media Group

■ မန္တလေးဆေးရုံကြီးမှ အဲကွန်း ၁၇ လုံးအား ဖြုတ်ခိုးယူသူများကို ဖမ်းဆီးရမိ

မန္တလေးဆေးရုံကြီးမှ အဲကွန်း ၁၇ လုံးအား ဖြုတ်ခိုးယူသူများကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ဌာန၊ ပင်မဓာတ်မှန်ဌာန၊ အရေးပေါ်ဌာန ယာယီစာသင်ခန်း၊ ပင်မခွဲစိတ်ခန်း စသည့် ဌာနအသီးသီးတို့မှ အဲကွန်း ၁၇ လုံး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ရာ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်း၌ တာဝန်ရှိသူများက သြဂုတ် ၆ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့မှ အဲကွန်းခိုးသူများကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ဆေးရုံကြီးအနီးရှိ ဘုရားဝန်းအတွင်း၌ အဲကွန်းဖြုတ်ယူနေသူတစ်ဦးကို မသင်္ကာ၍ ခေါ်ယူစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

၎င်းက ိုစစ်ဆေးခဲ့ရာ ကျူးလွန်သူမှာ အဲကွန်းဆားဗစ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဆေးရုံကြီးအတွင်းရှိ ဌာနအသီးသီးမှ အဲကွန်းများကို နေ့ခင်းအချိန်မှာပင် အဆင်ပြေသလို တစ်ခုခြင်းဖြုတ်ယူခြင်း၊ အလုံးလိုက်သယ်ယူခြင်း၊ ကြေးပိုက်များဖြုတ်ခြင်း စသည်တို့ဖြင့် ရက်ကာလကြာရှည် ခိုးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ခိုးတာတော့ တစ်ရက်တည်း မဟုတ်ဘူးပေါ့။ တစ်ရက်ချင်း စိမ်ပြေနပြေ အောက်ဒိုးရရင် အောက်ဒိုး၊ ကြေးပိုက်တွေ၊ ကွန်ပရက်စာတွေ တစ်ခုချင်း နေ့ခင်းတင် ဖြုတ်ခိုးတာ။ ကွန်ပရက်စာမပါဘဲလည်း ဖြုတ်တာပဲ။ အချိန်ရရင်ရသလို ပန်ကာ၊ ဂတ်စ်အိုး၊ ကြေးတွေ၊ မော်တာတွေ၊ ကွိုင်တွေ စသဖြင့်ပေါ့။ အဲကွန်းပြင်တဲ့သူဆိုတော့ ကျွမ်းကျင်နေတာပေါ့။ သာမာန်ခိုးတဲ့သူဆို ခုလို ဘယ်မြန်ပါ့မလဲ။ သေသေသပ်သပ်ခိုးတာဆိုတော့ အဲကွန်းဖွင့်မရမှ သတိထားမိကြတာ။ တစ်လုံးကို အစုံလိုက် လုံးပြည့်တော့မဟုတ်ဘူး။ ဒါမယ့် တစ်ခုမရှိရင်ကို အဲကွန်းက ဖွင့်မရဘူးဆိုတော့ စခန်းအမှုလာဖွင့်တဲ့ လုံးရေက ၁၇ လုံးပါ" ဟု ကျူးလွန်သူများနှင့်ပတ်သက်ပြီး အမှုစစ်ရဲအရာရှိမှ ဆိုသည်။

အဆိုပါအဲကွန်းများကို ခိုးယူသူများအနက် ဆေးရုံကြီးမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးနှင့် မိသားစုဝင်တစ်ဦးတို့လည်း ပါဝင်ကြောင်း သိရပြီး ၎င်းတို့ကို အမှတ် (၈) မြို့မရဲစခန်းတွင် (ပ) ၁၁၀/၂၀၂၆ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group