
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ညဈေးတန်းများဖွင့်လှစ်ရန် လျှောက်ထားမှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက ပြောကြားသည်။
ယနေ့ (ဩဂုတ် ၂၅ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးဝေယံပိုင်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွာလုပ်ငန်း မြှင့်တင်ရေးနှင့် ပြည်သူများအတွက် Night Market နေရာများ တိုးချဲ့ဖော်ဆောင်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်း ဈေးကွက်ရှိပြီးဖြစ်သည့်နေရာများကို ဦးစားပေး၍ ပိုမိုစနစ်တကျ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်နေရာများကို မည်သည့်ဘဏ္ဍာနှစ်၊ မည်သည့်ကာလတွင် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
"ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးနဲ့ ပြည်သူများအတွက် Night Market နေရာများ တိုးချဲ့ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း (Myanmar Tourism Marketing Association) မှ Pilot Project အနေဖြင့် လာမယ့်ဘဏ္ဍာနှစ်များတွင် ပွင့်လင်းရာသီ ရုံးပိတ်ရက်များအတွင်း ခရီးသွားလုပ်ငန်း ဈေးကွက်ရှိပြီးဖြစ်တဲ့ နေရာများကိုလည်းပဲ လျှောက်ထားမှုရှိတဲ့အတွက် ညဈေး Night Market များ ဖော်ဆောင်ရေးအတွက် အခြေခံလိုအပ်ချက်များကို ရန်ကုန်တိုင်းဒေသကြီး မိမိတို့ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဆက်စပ်ဌာနတို့နဲ့ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လျာထားလျက်ရှိပါကြောင်း လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် လေးစားစွာ ပြန်လည်ဖြေကြားတင်ပြအပ်ပါတယ်"ဟု ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးနှင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှု မရှိစေရန်၊ သန့်ရှင်းသပ်ရပ်မှုနှင့် လုံခြုံမှုရှိစေရန် ၂၀၁၆ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ကျောက်တံတားမြို့နယ်အတွင်းမှ မဟာဗန္ဓုလလမ်း၊ ဘဏ်လမ်းနှင့် ပန်းဘဲတန်းလမ်းမှ လမ်းမတော်မြို့နယ်အတွင်းမှ အောင်ရတနာလမ်းအထိ Night Market များကို ဆောင်ရွက်ပြီးဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၁၆ ခုနှစ် ဇွန်လ ၉ ရက်တွင် လမ်းမတော်မြို့နယ် ၁၉ လမ်းအားလည်း ညဈေးတန်းအဖြစ် မြို့တော်အင်္ဂါရပ်နဲ့အညီ စနစ်တကျ ဈေးရောင်းချနိုင်အောင် စီမံဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ထပ်မံ၍ ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှိ ညဈေးတန်းကိုလည်း Night Market အဖြစ် ဖွင့်လှစ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ယခုအခါ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာလမ်း၊ ဗဟန်းမြို့နယ်ရှိ ပြည်သူ့ရင်ပြင် Myanmar Culture Valley၊ လမ်းမတော်မြို့နယ်ရှိ ဝါးတန်းဆိပ်ကမ်း၊ ဒေါပုံမြို့နယ်ရှိ ဒေါပုံတံတားဟောင်းတို့တွင် Night Market များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက ပြောကြားသည်။