Eleven Media Group

အယ်လ်နီညို ရာသီဥတုပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ ထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ သိုလှောင်စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခြင်းတို့ ပြင်ဆင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

အယ်လ်နီညို ရာသီဥတုပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ ထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ သိုလှောင်စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခြင်းတို့ ပြင်ဆင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့ (အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဉ် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံသည်လည်း ပြင်းထန်ဆိုးရွားသည့် အပူဒဏ်လွန်ကဲမှုကို ရင်ဆိုင်ကြုံတွေ့လာရနိုင်သည်ဟု သုံးသပ်မှုများရှိနေကြောင်း၊ မကြာမီ မိမိတို့နိုင်ငံ၌ ဆောင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း အယ်လ်နီညိုကြောင့် ပူပြင်းခြောက်သွေ့မှုများ၊ မြေအောက်ရေ ခမ်းခြောက်မှုများ ကြုံတွေ့ရနိုင်ကြောင်း၊ လက်ရှိအချိန်၌ပင် အချို့သောမြို့နယ်များ၌ ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားနေမှုများကို တွေ့မြင်ရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ကြုံတွေ့လာရနိုင်သည့် ရာသီဥတုဆိုးရွားမှုနှင့်ပတ်သက်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီ ဥတုပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ ထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ သိုလှောင်စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခြင်းတို့ ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် ကြာရှည်စွာ အထားခံ စားသောက်၍ရနိုင်သည့် အသီးအနှံနှင့် စားရေရိက္ခာများကို စုဆောင်းထားရှိခြင်းနှင့် မိုးနှောင်းရာသီ သီးနှံများကို ပန်းတိုင်ရည်မှန်းချက်ရသည်အထိ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်းတို့ဖြင့် ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

မူရင်းသတင်း — Eleven Media Group