Eleven Media Group

■ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးသူများအနက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ရန် ဆန္ဒပြုထားသူ ၄၆ ဦးရှိပြီး ၎င်းတို့အနက် ခြောက်ဦးကို မလေးရှားနိုင်ငံသို့ စေလွှတ်နိုင်ရေး စီစဉ်နေကာ ထိုင်းနိုင်ငံအတွက်လည်း ဆက်လက်ဆောင်ရွက်နေဟု အလုပ်သမားဝန်ကြီးဌာန ပြောကြား

ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးသူများအနက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ရန် ဆန္ဒပြုထားသူ ၄၆ ဦးရှိပြီး ၎င်းတို့အနက် ခြောက်ဦးကို မလေးရှားနိုင်ငံသို့ စေလွှတ်နိုင်ရေး စီစဉ်နေကာ ထိုင်းနိုင်ငံအတွက်လည်း ဆက်လက်ဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဝေ၏ ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများအနက် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသူများအား မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး စီမံခန့်ခွဲမှုကော်မတီ၏အောက်တွင် လေ့ကျင့်သင်ကြားရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ပြည်တွင်းအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၊ ပြည်ပအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ စသည့် ကော်မတီများ ဖွဲ့စည်း၍ ပြည်တွင်း ပြည်ပတို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြာင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများအနက် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများအနေဖြင့် ထိုင်းနိုင်ငံသို့ ၁၅ ဦး၊ မလေးရှားနိုင်ငံသို့ ၂၂ ဦး၊ ကိုရီးယားနိုင်ငံ သို့ ၂ ဦး၊ ဂျပန်နိုင်ငံသို့ ၇ ဦး စုစုပေါင်း ၄၆ ဦးဆန္ဒပြုထားကြောင်း၊ မလေးရှားနိုင်ငံသို့ ဆန္ဒပြုထားသူများအနက် မလေးရှားနိုင်ငံအလုပ်ရှင်ဖြင့် ချိတ်ဆက်ပြီး လူတွေ့စစ်ဆေးအောင်မြင်ပြီးသူ ၆ ဦးရှိကြောင်း၊ မလေးရှားနိုင်ငံသို့ အဆိုပြုထားသူ ၉ ဦးအနက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ဦးလှိုင်ဝင်းထွဋ်သည် Golden Plant Services Co.,Ltd ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံ စက်ရုံတွင် ပြည်ပအလုပ်အကိုင်ရရှိသဖြင့် ၎င်းအတွက် စေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီး ပြည်ပအလုပ်အကိုင်အတွက် မလေးရှားနိုင်ငံသို့ ဆန္ဒပြုထားသည့် ၂၂ ဦးအနက် မလေးရှားနိုင်ငံရှိ ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းသို့ ကုန်ကျစရိတ်အခမဲ့ဖြင့် သွားရောက်လိုသောကြောင့် လူတွေ့ လာရောက်ဖြေဆိုသူ ၈ ဦးရှိရာ ၎င်းတို့အနက် ၃ ဦးသည် ဆေးစစ်ချက်မအောင်မြင်သည့်အတွက် ဆေးစစ်အောင်မြင်သည့် ကျန် ၅ ဦးကို Calling Visa လျှောက်ထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ Calling Visa များရရှိပြီးလျှင် အလုပ်ရှင်၊ အလုပ်သမား စာချုပ်ချုပ်ဆိုခြင်း၊ ပြည်ပထွက်ခွာသင်တန်းတက်ရောက်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ထုတ်ပေးခြင်း၊ စေလွှတ်ခွင့်တင်ပြခြင်း စသည့် စေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့အတူ ထိုင်းနိုင်ငံသို့ အဆိုပြုထားသူများကိုလည်း ထိုင်းနိုင်ငံ၊ CP Axtra Public Co.,Ltd (ကုန်တိုက်လုပ်ငန်း) သို့ စေလွှတ်နိုင်ရန်အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက်ရှိပြီး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် ပြည်ပအလုပ်အကိုင် လုပ်ကိုင်လိုကြောင်း ဆန္ဒပြုသည့် အလုပ်သမားများကို ပြည်ပသို့ ဘေးကင်းလုံခြုံစွာဖြင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပြည်ပအကျိုးဆောင်လိုင်စင်ရရှိထားသည့် အေဂျင်စီများနှင့် ပြည်ပသို့ စနစ်တကျစေလွှတ်ခြင်းဖြင့် ဘေးကင်းလုံခြုံသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် စစ်မှုထမ်းကာလပြည့်မြောက်၍ ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများသည် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေး လျက်ရှိပြီး မလေးရှားနိုင်ငံသို့ ၆ ဦး စေလွှတ်နိုင်‌ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံအတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group