Eleven Media Group

▪ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ လွှတ်တော်တွင် မေးမြန်း

▪ ငွေသွင်း/ထုတ်ပြုလုပ်သည့် K Pay၊ Wave Pay နှင့် ဘဏ်အကောင့်များအား ခြေရာခံလိုက်၍ အရေးယူပါက ထိရောက်လျင်မြန်စွာ တားဆီးနိုင်မည်ဟုဆို

အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ ယနေ့ (ဩဂုတ် ၂၅ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်က မေးမြန်းသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများကို နှိမ်နှင်းရန် ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေကို အတည်ပြုခဲ့ပြီး ယင်းဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းကာ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်က ပြောကြားသည်။

သို့သော်လည်း လက်ရှိအချိန်အထိ အွန်လိုင်းလောင်းကစားမှုများသည် မြေပြင်တွင် ကျယ်ပြန့်စွာဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

"​ကျွန်တော်တို့ ဒီအွန်လိုင်းလောင်းကစားလုပ်တဲ့အခါမှာ ကျွန်တော်တို့ Mobile Wallet တွေဖြစ်တဲ့ အဓိကအားဖြင့်တော့ Kpay၊ ကျွန်တော်တို့ Wave Money စသဖြင့် ဒီလို Mobile Wallet တွေ ပြီးတော့ နောက်တစ်ခုက ပြည်တွင်း ဘဏ်အကောင့်များနှင့် ချိတ်ဆက်ပြီးတော့ ငွေသွင်းငွေထုတ် လုပ်နေတာတွေကို ကျွန်တော်တို့ မြေပြင်မှာ တွေ့ရတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ဒီအဖွဲ့ကို ကျွန်တော်တို့ ဒီလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်တဲ့အခါမှာ အဆိုပါ ဘဏ်အကောင့်တွေကို ကျွန်တော်တို့ ဒီဆက်စပ်ဘဏ်အကောင့်တွေကို ကျွန်တော်တို့က နောက်ကနေ Follow Up လိုက်ပြီးတော့ အရေးယူမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ပိုမိုထိရောက်လျင်မြန်စွာ ကျွန်တော်တို့ ဒီဟိုဟာတွေကို တားဆီးနှိမ်နှင်းနိုင်မှာဖြစ်ပါတယ်"ဟု ဦးကျော်မင်းထက်က ပြောကြားသည်။

ထို့ကြောင့် အွန်လိုင်းလောင်းကစားများအား ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ထိရောက်စွာ ဆောင်ရွက် အရေးယူနိုင်ခြင်း ရှိ မရှိ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်က လွှတ်တော်တွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးဖြင့် တိုင်းဒေသကြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီအား ဖွဲ့စည်းကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များအလိုက် အွန်လိုင်းလောင်းကစားမှုများ မရှိစေရေး ရပ်ကွက်၊ ကျေးရွာများအလိုက် အခြေခံရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ နေ့စဉ် သတင်းရယူဆောင်ရွက်ခြင်း၊ ကာလရှည် တည်းခိုနေထိုင်သူများ ရှိ မရှိနှင့် ရှိပါက ၎င်းတို့၏ လုပ်ကိုင်စားသောက်နေထိုင်မှုများအား နေ့စဉ် စောင့်ကြည့်သတင်းရယူကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး ဝင်းတင့်က ပြောကြားသည်။

​ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်တွင် အွန်လိုင်းလောင်းကစားမှု ၉ မှု၊ ကျား ၂၃ ဦး၊ မ ၆ ဦး၊ စုစုပေါင်း ၂၇ ဦး၊ လောင်းကစားမှု ၆၀၅ မှု၊ ကျား ၄၇၀ ဦး၊ မ ၃၉၅ ဦး၊ စုစုပေါင်း ၈၆၅ ဦးနှင့် ၂၀၂၆ ခုနှစ်တွင် ဇန်နဝါရီလမှ ဇူလိုင်လအထိ အွန်လိုင်းလောင်းကစားမှု ၁၁ မှု၊ ကျား ၂၂ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၂၉ ဦး၊ လောင်းကစားမှု ၃၅၈ မှု၊ ကျား ၂၆၈ ဦး၊ မ ၂၃၃ ဦး၊ စုစုပေါင်း ၅၀၁ ဦးတို့အား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

​ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီအား ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးအတွင်း အွန်လိုင်းလောင်းကစားမှုများ မရှိစေရေး သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များမှ စောင့်ကြည့်သတင်းရယူကာ ထိရောက်စွာ ဖမ်းဆီးအရေးယူခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group