Eleven Media Group

■ Amusement Center များတွင် မည်သည့်လောင်းကစားလုပ်ငန်းကိုမျှ ခွင့်ပြုထားခြင်းမရှိဘဲ လောင်းကစားဆောင်ရွက်ပါက စိစစ်ဖော်ထုတ်အရေးယူသွားမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Amusement Center များတွင် မည်သည့်လောင်းကစားလုပ်ငန်းကိုမျှ ခွင့်ပြုထားခြင်းမရှိဘဲ လောင်းကစားဆောင်ရွက်ပါက စိစစ်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်၏ Amusement Center ကလေးကစားကွင်းဟု အမည်ခံပြီး ဆောင်ရွက်နေသော လောင်းကစားဆိုင်များကို စိစစ် အရေးယူနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်သည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ရန်ကုန်မြို့လယ်ခေါင် လူစည်ကားရာနေရာများ၊ Shopping Center များ၌ Amusement Center အမည်ခံ၍ နောက်ကွယ်တွင် ဥပဒေကို လက်တစ်လုံးခြား အသုံးပြုကာ လောင်းကစားအမှုများ ဆောင်ရွက်နေသည့် ဆိုင်အချို့ကို ၎င်းအနေဖြင့် ကိုယ်တိုင်လေ့လာ တွေ့ရှိခဲ့ရကြောင်း မေးခွန်းရှင် ဦးကျော်မင်းထက်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ရှိခဲ့မှုအား ပါဝါပွိုင့်ဖြင့် ပြလိုသော်လည်း တစ်ဖက်သားကို ထိခိုက်မည်စိုးသဖြင့် ၎င်းအနေဖြင့် ပါဝါပွိုင့် ပြင်ဆင်လာခြင်းမရှိကြောင်း ဦးကျော်မင်းထက်က ပြောကြားသည်။

မြေပြင်တွင် ယခုကဲ့သို့ လောင်းကစားမှုများ လုပ်နေမည်ဆိုပါက လူငယ်များ စာရိတ္တပျက်ယွင်းခြင်း၊ ပတ်ဝန်းကျင်ထိခိုက်ခြင်းနှင့် ဒုစရိုက်မှုများ များပြားခြင်းအနေအထားသို့ ဦးတည်နေသည်ဟု ဦးကျော်မင်းထက်က ပြောကြားသည်။

အဆိုပါမေးခွန်းနဲ့ပတ်သက်၍ အပန်းဖြေအိမ်တွင်းကစားနည်းခန်းမလုပ်ငန်း (Amusement Center) များတွင် လောင်းကစား ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှသာ လောင်းကစားဥပဒေအရ လောင်းကစားဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အရေးယူဆောင်ရွက်နိုင်သည့်ကိစ္စဖြစ်ကြောင်း၊ နောက်ကွယ်တွင် ပြည်ပနိုင်ငံသားများ ပါဝင်လာမှုရှိနိုင်သည့် အခြေအနေကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်၂၀၁၉ ခုနှစ်မှစ၍ လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းကို ခွင့်မပြုဘဲ ယင်းကာလမတိုင်မီက ခွင့်ပြုခဲ့သော လုပ်ငန်းလိုင်စင် ၄၄ ခုကို ဘဏ္ဍာအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

လိုင်စင်သက်တမ်းတိုးခြင်းကိုလည်း အချက် ၇ ချက်နှင့်အညီ စိစစ်၍ သက်တမ်းတိုး ခွင့်ပြုပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ရန်ကုန်တိုင်းဒေသကြီးမှာ ကလေးသူငယ်များနှင့် လူငယ်များအတွက် ရည်ရွယ်ထားတဲ့ ဗီဒီယိုဂိမ်းစက်များ၊ အားကစားများနှင့် ကျွမ်းကျင်မှုဆိုင်ရာ ကစားနည်းများ၊ ဆုလက်ဆောင်များ ရရှိတဲ့ ပျော်ပွဲရွှင်ပွဲဆိုင်ရာ ကစားကွင်းပစ္စည်းများကို အသုံးပြုရန် ခွင့်ပြုထားသော်လည်း ဆိုင်အတွင်း၌ ဖဲကစားခြင်း၊ ချဲထီနှင့် လောင်းကစားခြင်း စတဲ့ မည်သည့် တရားမဝင် လောင်းကစားလုပ်ငန်းကိုမဆို ခွင့်ပြုထားခြင်းမရှိကြောင်းနဲ့ မြို့နယ်အတွင်း အပန်းဖြေအိမ်တွင်း ကစားနည်းခန်းမ ပြုလုပ်၍ လောင်းကစားဆောင်ရွက်ခြင်းများရှိပါက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

Amusement Center များတွင် လောင်းကစားကိစ္စရပ်များ ဆောင်ရွက်မှုမရှိစေရေးအတွက် အမှာခံသတင်းပေးများ မွေးမြူသတင်းရယူခြင်း၊ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အသွင်ယူ သတင်းစုံစမ်းခြင်းများနှင့် အပန်းဖြေအိမ်တွင်း ကစားနည်းခန်းမများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ ထုတ်ပေးထားသည့် တရားဝင် လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ၊ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့၊ ထွေ/အုပ် ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group