Eleven Media Group

■ ပြည်ပမှ ထောက်ပံ့ငွေများ၊ ချေးငွေများကို အားကိုးနေ၍ရမည်မဟုတ်ဘဲ ပြည်တွင်း၌ ရှိသမျှသော စွမ်းအားများဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွားတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတ ​​ပြောကြား

■ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိနိုင်ရေးဆောင်ရွက်ရာတွင် မြန်မာ့ပေါ်ဆန်းမွှေးစပါးကို တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေး၊ ဈေးကွက်ပြန်လည်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဟုဆို

ပြည်ပမှ ထောက်ပံ့ငွေများ၊ ချေးငွေများကို အားကိုးနေ၍ရမည်မဟုတ်ဘဲ ပြည်တွင်း၌ ရှိသမျှသောစွမ်းအားများဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွားတိုး တက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတ​​ ဦးမင်း​အောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ယနေ့(သြဂုတ် ၂၅ ရက်)တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်း​ပြောကြားခြင်းဖြစ်သည်။

နိုင်ငံ​တော်သမ္မတက နိုင်ငံတော်တွင် ခေတ်အဆက်ဆက်ကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို ပြန်ပြောင်းလေ့လာ ကြည့်မည်ဆိုပါက စီးပွားရေးကျဆင်းမှုကိုအဓိကအခြေခံ၍ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့မြင်နိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေမှန်များကို မှန်မှန်ကန်ကန်ဖြင့် တင်ပြရန်လိုကြောင်း၊ တင်ပြသည့် ကိန်းဂဏန်း အချက်အလက်များကို အခြေခံတွက်ချက်၍ နိုင်ငံစီးပွားတိုးတက်မှုရှိစေရေး စီမံချက်များ၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် မြေပြင်ပကတိအခြေ အနေမှန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်တင်ပြ ကြရန်လိုကြောင်း ​ပြောကြားသည်။

ထို့ပြင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးအားကောင်းမွန်မှုရှိစေရေး၏ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပြီး မိမိတို့အနေဖြင့်လည်း ရနိုင်သမျှသော စွမ်းအားများနှင့် အခွင့်အလမ်းများကို အသုံးချပြီး စီးပွားရေးအားကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့်နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက် တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင် ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိကုန်ကြမ်းပစ္စည်းများကို အဓိကအသုံးပြုထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရမည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြင့်ရရှိလာစေရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ထို့အတူ ပြည့်အင်အားသည့် ပြည်တွင်းမှာသာရှိသည် ဟူသည့်အတိုင်း ပြည်ပမှ ထောက်ပံ့ငွေများ၊ ချေးငွေများကို မိမိတို့အနေဖြင့် အားကိုးနေ၍ရမည်မဟုတ်ဘဲ ပြည်တွင်း၌ ရှိသမျှသောစွမ်းအားများဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွားတိုး တက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း မိမိတို့နိုင်ငံတွင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ် လုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ အဓိကလိုအပ်နေသည့်မှာ အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် ပြည်ထောင်စု တိုင်းရင်းသားအားလုံး စုစုစည်းညီညီညွတ်ညွတ်ဖြင့် တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်ကြရန်သာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားလိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြေပေါ် မြေအောက်သယံဇာတနှင့် တွင်းထွက်ပစ္စည်းများ ထုတ်ယူဆောင်ရွက်ခြင်းထက်ပြန်လည် ဖြည့်တင်းဆောင်ရွက်နိုင်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောကုန်ထုတ် လုပ်ငန်းများ ကိုသာ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံ​တော်သမ္မတကဆိုသည်။

ပြည်ပပို့ကုန်များတိုးမြှင့်ရရှိနိုင်ရေးဆောင်ရွက်ရာတွင် မြန်မာ့ပေါ်ဆန်းမွှေးစပါးကို တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေး၊ ဈေးကွက်ပြန်လည်ရရှိစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မြေကိုအကျိုးရှိရှိ အသုံးချသွားကြရန်နှင့်တစ်ဧကအထွက်နှုန်း များကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဟူသည့် အတိုင်းမိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများအောင်မြင်မှုရှိစေရေးနည်းလမ်း ရှာ၍ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက်လုပ်ချင်ကိုင်ချင်စိတ်အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ ရရှိရေးသည် မဖြစ်မနေလိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အတန်းပညာ မရှိသူမှာ မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၅၈ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၄၁ ဒသမ ၀၉ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအခြေအနေကို ကြည့်ခြင်းအားဖြင့် မိမိတို့ နိုင်ငံ၏ပညာရေးမှာ ထိုက်သင့်သလောက်တိုးတက်လာသည် ကိုတွေ့ရကြောင်း၊ ပညာတတ် လူသားအရင်းအမြစ်များပေါများလာမှသာ တည်ငြိမ် အေးချမ်းပြီးဖွံ့ဖြိုးတိုးတက် သည့် အနာဂါတ်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ပညာရေးကိုနည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်လျက်ရှိပြီး သင်ကြားရေး ဆိုင်ရာတာဝန်ရှိသူများအားချီးမြှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ကျောင်းများ အားလုံးစံ ကိုက်ကျောင်းများဖြစ်စေရေးမှအစ လိုအပ်သည့်အခြေခံသင်ထောက်ကူ ပစ္စည်းများပြည့်စုံမှု ရှိစေရေးအတွက်လည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံ​တော်သမ္မတ ​ပြောကြားသည်။

စိုက်ပျိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးဆိုင်ရာ ပညာရှင်များမွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံအထက်တန်းကျောင်းများ၊ စိုက်ပျိုးမွေးမြူရေးသိပ္ပံများ၊ မွေးမြူရေးတက္ကသိုလ်များကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၌ ဈေးကွက်လိုအပ်ချက်များစွာရှိပြီးဖြစ်သဖြင့် အဆိုပါ ဈေးကွက်လိုအပ်ချက် ကို ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအောင်မြင် မှုရှိစေရေး ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် အလေးအနက်ထားကျယ်ကျယ် ပြန့်ပြန့်အကောင်အထည်ဖော်ဆောင် ရွက်သွားကြရန် မှာကြားလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ဝါစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ ဝါစိုက်ပျိုးခြင်း၊ ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှချည်မျှင်ကို ထုတ်လုပ်ကြခြင်းဖြစ်ပြီး လူတို့၏ဘဝတွင် အဝတ် အထည်သည် မွေးစမှသေဆုံးသည်အထိ နေ့စဉ်အသုံးပြုနေရသည်ဖြစ်သဖြင့် ဝါသည်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ဝါသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စိုက်ပျိုးရေး ထုတ်ကုန်တစ်ခုဖြစ်ပြီး ဝါမှတဆင့် စက်မှုလုပ်ငန်းများကိုဆက် စပ်ဆောင်ရွက် နိုင်သည်ဖြစ်သဖြင့် အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝါစိုက်ပျိုးမှု နှင့် ဝါထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍ ကြိုးပမ်းဆောင်ရွက်သွား ကြရန်တိုက်တွန်းမှာကြားလိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

အလားတူ ဆီထွက်သီးနှံနှင့် ပတ်သက်၍လည်း ပြည်တွင်းဆီစားသုံးမှုဖူလုံမှုရှိစေရေး မိမိတို့အနေဖြင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်ရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ဆီထွက်သီးနှံတွင်ပါဝင်သည့် နှမ်းစိုက်ပျိုးရာတွင်လည်း အောင်မြင်စွာစိုက်ပျိုးနိုင်ရန်အတွက် မျိုးကောင်းရန်၊ စိုက်ပျိုးရေနှင့်အောင်ရေလုံလောက်စွာ ရရှိရန်လိုအပ်သဖြင့် နှမ်းစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ များအနေဖြင့် စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံသည်ပဲ စိုက်ပျိုး၍ နိုင်ငံတကာသို့တင်ပို့သည့် ထိပ်တန်းနိုင်ငံများတွင်ပါဝင်ကြောင်း၊ ထို့ကြောင့် ပဲစိုက်ပျိုးမှုကိုလည်း နိုင်ငံ၏အဓိကစီးပွားရေးအဖြစ်မှတ်ယူ၍အရည်အသွေးကောင်းမွန် သည့် ပဲများစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ရာဘာနှင့်ပတ်သက်၍လည်း ရာဘာထုတ်ကုန်များမှတဆင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး ဈေးကွက်လိုအပ်ချက် ကြီးမားကျယ်ပြန့်စွာရှိသည့်အတွက်အထွက်နှုန်း များ တိုးတက်လာအောင်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်၊

နိုင်ငံ​တော်သမ္မတက အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ပေးရန် အဓိကတာဝန်ရှိပြီး နိုင်ငံ့စီးပွားနှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှသာလျှင် ပြည်သူလူထုက ယုံကြည်အားကိုးသည့် အစိုးရတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရအရေးယူ ပိတ်ဆို့မှုများ၊ စီးပွားရေးအရပိတ်ဆို့မှုများအကြားမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကောင်းဆုံးသောနည်းလမ်းများဖြင့် ကျော်လွှားဆောင်ရွက်လျက်ရှိနေကြောင်း ​ပြောကြားသည်။

ကုန်သွယ်မှုနှင့်ပတ်သက်၍ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအားလုံးကို ရိုးရိုးသားသားမှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ သွင်းကုန်၊ ပို့ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီမှုရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြရန်လိုပြီး မရိုးမသားဆောင်ရွက်ခြင်းများကြောင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်နစ်နာမှုများ မဖြစ်စေရန်လိုကြောင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက်လည်း လမ်းကြောင်းများတစ်လျှောက်၌ မလိုလားအပ်သည့် စစ်ဆေးရေးဂိတ်များ လျှော့ချသွားရန်လိုသကဲ့သို့ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ မရရှိဘဲထိခိုက်နစ်နာခြင်း၊ အရည်အသွေးမပြည့်မီသည့် ပစ္စည်းများအား ပြည်သူများအနေဖြင့် ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲနေရသဖြင့် ထိခိုက်နစ်နာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ကုန်သွယ်မှုလျှင်မြန် လုံခြုံချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး တာဝန်ရှိသူများက အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရန်မှာကြား လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group