
အခွန်ထမ်းငွေများကို နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်သည့် နေရာများတွင် အကျိုးရှိရှိအသုံးချရန်လိုကြောင်းနှင့် ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခွန်ငွေများကို ထိထိရောက်ရောက်အသုံးချရာတွင် အခွန်ထမ်းပြည်သူများ၏ မျက်နှာကို ကြည့်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ယနေ့(သြဂုတ် ၂၅ ရက်) တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက အခွန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများ၊ ပြည်သူများ အနေဖြင့် အခွန်ငွေများကို ထမ်းဆောင်ကြပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ အခွန်ထမ်း ငွေများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဆို ပါအခွန်ထမ်း ငွေများကို နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်သည့် နေရာများတွင် အကျိုးရှိရှိအသုံ ချကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခွန်ငွေများကို ထိထိရောက်ရောက်အသုံးချရာတွင်အခွန်ထမ်းပြည်သူများ၏ မျက်နှာကို ကြည့်ရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် မိမိတို့အနေဖြင့် ဖက်ဒရယ်ကိုအခြေခံသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက် လှမ်းနေခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကို ပေးအပ်ထားသကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ ချမှတ်ဆောင်ရွက်သည့် မူဝါဒများကိုလည်း အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများကလည်း စနစ်တကျဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ထို့ပြင် ယခုကာလသည် မိုးရာသီဖြစ်သဖြင့်အချို့ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ အဓိက အားဖြင့် မြစ်ကြီးများအပါအဝင် ချောင်းမြောင်းများတိမ်ကောလာခြင်းနှင့် မိုးရွာသွန်းမှုများ ပြားလာခြင်းများကြောင့်ဖြစ်သည်ကိုတွေ့ရကြောင်း၊ မြစ်ကြီးများ၊ ချောင်းမြောင်းများ တိမ်ကောလာမှုကို မြစ်ချောင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ သဲနုန်းများဆယ်ယူ ခြင်းဖြင့် ရေစီးဆင်းမှုများ ကောင်းမွန်လာပြီး ရေကြီးရေလျှံမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားအသုံးပြု၍ သောင်တူးသည့်စက်ကြီးများဖြင့် ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ထို့အတူ အချို့မြို့ပေါ်လူနေရပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ များသောအားဖြင့် ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များပိတ်ဆို့မှု များကြောင့်ဖြစ်သည်ကိုတွေ့ရကြောင်း၊ မြို့နေလူထုအနေဖြင့် ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက်လည်း အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ကြရန် လိုကြောင်း၊ ချောင်းကောမြောင်းကောများကြောင့် မြို့များတွင် ရေကြီးမှုများဖြစ်ပေါ် လာခြင်းဖြစ် ကြောင်းနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေး အဖွဲ့များနှင့် မြို့နေ လူထုတို့မှ မိမိတို့မြို့ရွာရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်းတားဆီးကာကွယ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
နိုင်ငံတော်သမ္မတက မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ မိမိတို့သွားရောက်ခဲ့သည့် ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့တွင် မြို့ရွာများ သန့်ရှင်းသာယာလှပလျက်ရှိသည်ကို တွေ့ ရှိရကြောင်း၊ အဓိကအားဖြင့် သက်ဆိုင်ရာစည်ပင်သာယာအဖွဲ့ အစည်းများက ဆောင်ရွက်သကဲ့သို့ ပြည်သူတစ်ဦးချင်းစီကလည်း စည်းကမ်းတကျလိုက်နာ ဆောင် ရွက်ကြသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် စည်ပင်သာယာရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်၍ မြို့နေလူထုနှင့်ပူးပေါင်းပြီးမြို့ရွာများ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။