
အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယား ပြည်နယ်တွင် ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးထားသူ နှစ်ဦး အဆိုပါ ဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အမေရိကန် တစ်နိုင်ငံလုံးတွင် ကူးစက်မှုများသည် နှစ်ပေါင်း ၃၅ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သဖြင့် ထိုပြည်နယ်၌ ယခုနှစ်အတွင်း အဆိုပါ ကူးစက်မြန် ရောဂါဖြစ်ပွားသူ ၃၉၃ ဦး ရှိခဲ့သည်။
လတ်တလော သေဆုံးမှုများ ဖြစ်ပွားခဲ့သည့် လန်ကက်စတာခရိုင်ရှိ မူကြိုအရွယ် ကျောင်းသားများ၏ ၈၅ ရာခိုင်နှုန်းသည် ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံထားကြပြီး ယင်းမှာ ကူးစက်ပြန့်ပွားမှုကို ကန့်သတ်ရန်နှင့် ကိုယ်ခံအား နည်းသူများကို ကာကွယ်ရန်လိုအပ်သည့် အစုအဖွဲ့အလိုက် ကိုယ်ခံအားရရှိရေး နှုန်းထား ၉၅ ရာခိုင်နှုန်းအောက် လျှော့နည်းနေသည်။
လွန်ခဲ့သည့်နှစ်က တက္ကဆက် ပြည်နယ်တွင် အဓိကအားဖြင့် ကလေးငယ်များအပါအဝင် လူပေါင်း ၁,၀၀၀ ကျော်ကို ကူးစက်ခဲ့သော ဝက်သက်ရောဂါ ဖြစ်ပွားမှုကြောင့် ကာကွယ်ဆေး မထိုးထားသည့် ကလေးနှစ်ဦး သေဆုံးခဲ့သည်။
"ဒါဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်နယ်တစ်ဝန်းမှာ ကြီးထွားလာနေတဲ့ ပြင်းထန်တဲ့ ပြဿနာတစ်ခုပါ" ဟု ပန်ဆယ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ရှ် ရှာပီရို ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ဝက်သက်ရောဂါကြောင့် နာမကျန်းဖြစ်ရတာနဲ့ သေဆုံးရတာတွေကို ရာနှုန်းပြည့် ကာကွယ်လို့ ရပါတယ်"ဟု ၎င်းကဆိုသည်။
ဝက်သက်၊ ဂျာမန်ဝက်သက် နှင့် ပါးချိတ်ရောင် (MMR) ကာကွယ်ဆေးသည် နာမကျန်းဖြစ်မှုနှင့် သေဆုံးမှုများမှ ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စုတွင် ၂၀၂၆ ခုနှစ်၏ ခုနစ်လတာ ကာလအတွင်းမှာပင် အတည်ပြု ဝက်သက်ရောဂါဖြစ်ပွားသူ ၂,၇၇၇ ဦး ရှိခဲ့ရာ လွန်ခဲ့သည့်နှစ်၏ စံချိန်တင် ညွှန်းကိန်း ၂,၂၈၉ ဦးထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။