
ဩဂုတ် ၃၀ ရက်တွင် Google က အမေရိကန်အသုံးပြုသူများ မြင်တွေ့ရသော မြေပုံပေါ်တွင် အွန်တဲရီယိုကန်ကို အမေရိကကန်အဖြစ် ဒီဇိုင်းပြန်လည်ရေးဆွဲခဲ့သည်ဟု သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ထိုရေကန်ကို အမည်ပြောင်းမည်ဟု ကြေညာခဲ့ပြီးနောက် Google က ရေကန်၏အမည်ကို အမေရိကန်အသုံးပြုသူများအတွက် အမည်ပြောင်းပေးလိုက်ခြင်းဖြစ်သည်။
ကနေဒါ တာဝန်ရှိသူများက ယင်းလုပ်ရပ်ကို လုံးဝခေတ်နောက်ပြန်ဆွဲသည့်လုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ကနေဒါနိုင်ငံကလူများသည် ၎င်းတို့၏ ကွန်ပျူတာများနှင့်တက်ဘလက်များတွင် အဆိုပါကန်ကို အွန်တဲရီယိုကန်အဖြစ် ဆက်လက်မြင်နေရမည်ဟု Google က ပြောကြားခဲ့သည်။
ကန်၏အမည်မှာ ဌာနေတိုင်းရင်းသားတို့၏ ဇာတ်မြစ်အမည်ဖြစ်ပြီး ၁၇ ရာစုကတည်းကပင် အွန်တဲရီယိုဟူသောအမည်ကို အသုံးပြုခဲ့သည်။
အမည်ပေးပုံ အငြင်းပွားမှုသည်ထရန့်၏ 'အမေရိက ပထမ' ဟူသော ဇာတ်လမ်း၏ နောက်ဆုံးပေါ် အချင်းအရာအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကာလရှည်မိတ်ဖက်ဖြစ်ခဲ့ကြသောနှစ်နိုင်ငံသည် ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်နေရင်း ကုန်သွယ်ခွန်များ အပြန်အလှန်ချမှတ်ခဲ့ကြသည်။
အမေရိကန်ထုတ်ကားများတွင်ကနေဒါ စက်ပစ္စည်း အစိတ်အပိုင်း အများအပြားအသုံးပြုနေခြင်းနှင့်အတူ အမေရိကန်နှင့်ကနေဒါတို့ ကားထုတ်လုပ်သည့် လုပ်ငန်းနယ်ပယ်များတွင် နက်ရှိုင်းစွာ အပြန်အလှန်ချိတ်ဆက်နေသည့်တိုင် ထရန့်ကကားလုပ်ငန်းကို ရည်ရွယ်၍ ဩဂုတ် ၃၀ ရက်တွင် ဝေဖန်ချက် အသစ်ထုတ်ခဲ့သည်။
"ကျွန်တော်က ကနေဒါကားတွေကို အလိုမရှိပါဘူး။ ကနေဒါကားပစ္စည်းတွေကို အလိုမရှိပါဘူး။ ကနေဒါဆီကနေ ဘာကိုမှ အလိုမရှိပါဘူး"ဟု ထရန့်က Truth Social တွင် ဒေါသထွက်သော ပို့စ်ကို တင်ခဲ့သည်။
Apple က အမေရိကန်၌အသုံးပြုသော အိုင်ဖုန်းများတွင် တစ်ပါတည်းထည့်ပေးထားသည့် ၎င်း၏Map တွင် ဩဂုတ် ၃၀ ရက်အထိ အွန်တဲရီယိုကန်အဖြစ် ဆက်လက်ဖော်ပြထားသည်။
Google က ပထဝီဝင်ဆိုင်ရာအမည်များအတွက်တရားဝင် ဖက်ဒရယ် ဒေတာဘေ့ဖြစ်သည့် US Geographic Names Information System (GNIS)နှင့်အညီ ကန်၏အမည်ကို ပြောင်းခဲ့သည်ဟု ပြောကြားခဲ့သည့်။
"အမေရိကန်အတွက် GNIS ဖြစ်တဲ့ တရား ဝင် အစိုးရအထောက်အထားတွေမှာ အမည်ပြောင်းတာတွေကိုထင်ဟပ်စေဖို့ ကျွန်တော်တို့က Google Maps တွေကို နောက်ဆုံးအခြေ အနေတွေနဲ့ကိုက်ညီအောင်လုပ်ဆောင်လိုက်ကတည်းက အမေရိကန်မှာ မြေပုံ အသုံးပြုတဲ့သူတွေဟာ အမေရိကကန်ဆိုပြီးမြင်ရမှာပါ။ ကနေဒါကလူတွေကတော့ အွန်တဲရီယိုကန်လို့ မြင်ရမှာပါ။ အမေရိကန်နဲ့ ကနေဒါတို့ရဲ့အပြင်ဘက်ကလူတွေကတော့ အမည်နှစ်မျိုးစလုံးကိုမြင်ကြရမှာပါ"ဟု Google က၎င်း၏ ဘလော့တွင် ဖော်ပြထားသည်။
ယခုအမည်ပြောင်းလဲခြင်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီတုန်းက မက္ကဆီကိုပင်လယ်ကွေ့၏ အမည်ကို ထရန့်၏တစ်ဖက်သတ် အမည်ပြောင်းခဲ့ပုံအား ထင်ဟပ်စေခဲ့သည်။ ယင်းသို့အမည်ပြောင်းလဲခြင်းကို မက္ကဆီကိုနိုင်ငံကပယ်ချထားသည်။
Ref:AFP
Photo- AFP