
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တော်ရှိ ဆေးရုံတစ်ရုံ၏ မိခင်နှင့်ကလေးဌာန၌ ဩဂုတ်လ ၂၆ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေး ၁၄ ဦး သေဆုံးသွားသည်ဟုအစ္စလာမ်မာဘတ် ခရိုင်အုပ်ချုပ်ရေးရုံးက သတင်းထုတ်ပြန်သည်။
အစိုးရပိုင် ပါကစ္စတန် ဆေးသိပ္ပံအဖွဲ့အစည်း (PIMS) ဆေးရုံရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏သုံးလွှာတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ဒီဖြစ်စဉ်အတွင်း စုစုပေါင်း ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသော်လည်း သေဆုံးသူ ကလေးများ၏ အသက်အရွယ်များကိုမူ အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
ထို့အပြင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကိုလည်း သတင်းထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားခြင်း မရှိဘဲ အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
အစ္စလာမ်မာဘတ် အထွေထွေအုပ်ချုပ်ရေးမှူး စိုဟေးလ် အာရှရက်ဖ်က နံနက် ၇ နာရီမထိုးမီအချိန်၌ အရေးပေါ်အကြောင်းကြားချက် ရရှိခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များ၊ ကျွမ်းကျင်သူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ၎င်းကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ကာ မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ကွပ်ကဲခဲ့ကြောင်း X ရေးသားထားသည်။ပါကစ္စတန်နိုင်ငံတွင် အဆောက်အအုံ လုံခြုံရေးဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများ အားနည်းခြင်း၊ စနစ်တကျ ကြပ်မတ်မှု မရှိခြင်းတို့ကြောင့် ယခုကဲ့သို့ အဆောက်အအုံကြီးများ၌ မီးလောင်မှု ခဏခဏ ဖြစ်ပွားလေ့ရှိသည်။
လွန်ခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဆိပ်ကမ်းမြို့ဖြစ်သော ကရာချီမြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူ ၆၅ ဦးထက်မနည်း သေဆုံးခဲ့ရသည်။