Eleven Media Group

■ ရုရှားစစ်လေယာဉ်များက တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားပြောကြား

ရုရှားစစ်လေယာဉ်များ ၎င်း၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် တိုက်လေယာဉ်များကို အရေးပေါ် စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့မှုနှင့်ပတ်သက်ပြီး ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများတွင် တောင်ကိုရီးယားက ပါဝင်ခဲ့ပြီးနောက်နှင့် ရုရှားသည် မြောက်ကိုရီးယားနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေး တည်ဆောက်ခဲ့သည်။

ဂျပန်ပင်လယ်ဟုလည်း ခေါ်ဆိုသည့် အရှေ့ပင်လယ်ပေါ်ရှိ ၎င်း၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ရုရှားစစ်လေယာဉ် အများအပြား ဝင်ရောက်လာပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

"တောင်ကိုရီးယား စစ်တပ်ဟာ ရုရှားလေယာဉ်တွေ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်း မဝင်ရောက်ခင်ကတည်းက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး မမျှော်လင့်ဘဲ ဖြစ်ပွားလာနိုင်တဲ့ အရေးပေါ် အခြေအနေတွေအတွက် ပြင်ဆင်နိုင်ဖို့ လေတပ် တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်" ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားလေယာဉ်များသည် တောင်ကိုရီးယား လေပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်း မရှိကြောင်းလည်း ဖော်ပြထားသည်။

လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ဆိုသည်မှာ နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာပိုင် လေပိုင်နက် မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက် အခြားနိုင်ငံများမှ လေယာဉ်များအနေဖြင့် ၎င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်း သတင်းပို့ အတည်ပြုရန် တောင်းဆိုထားသည့် ကြားခံနယ်မြေဖြစ်သည်။

မူရင်းသတင်း — Eleven Media Group