Eleven Media Group

■ အမေရိကန်က ကမ္ဘာတစ်ဝန်းရှိ ဗီဇာလျှောက်ထားသူများအတွက် ဗီဇာရက်ချိန်းများကို ယာယီဆိုင်းငံ့

အမေရိကန်က ကမ္ဘာတစ်ဝန်းရှိ ဗီဇာလျှောက်ထားသူများအတွက် ဗီဇာရက်ချိန်းများကို ယာယီဆိုင်းငံ့ထားကြောင်း သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးအားလုံးတွင် သင်တန်းပေးသည့် အစီအစဉ်တစ်ရပ်ကို စတင်ပြီဖြစ်ပြီး အဆိုပါ သင်တန်း အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန်အတွက် ဗီဇာဝန်ဆောင်မှု ရက်ချိန်းများကို ညှိနှိုင်းပြင်ဆင်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသည် အမေရိကန် အစိုးရ၏ လူမှုဖူလုံရေး ထောက်ပံ့မှုများအပေါ် မှီခိုအားထားလာနိုင်ခြေရှိသည်ဟု ယူဆရသော လျှောက်ထားသူများကို ကောင်စစ်ဝန်များက စိစစ်ဖယ်ရှားရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဗီဇာလျှောက်ထားသူများကို ခြုံငုံပြီး စနစ်တကျ အကဲဖြတ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် အဆိုပါ သင်တန်း၏ အသေးစိတ် အချက်အလက်များနှင့် ကြာမြင့်ချိန် ကာလအပိုင်းအခြားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ခြင်း မရှိပေ။

အမေရိကန် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် လူတွေ့စစ်ဆေးရန် ရက်ချိန်းယူထားသည့် ရွှေ့ပြောင်းဗီဇာလျှောက်ထားသူများသည် ၎င်းတို့၏ ရက်ချိန်းများကို ပြန်လည်ပြင်ဆင်လိုက်ကြောင်းနှင့် ရက်စွဲအသစ်အတွက် နောက်ထပ် အကြောင်းကြားစာကို ရရှိမည်ဖြစ်ကြောင်း ရေးသားထားသည့် အီးမေးလ်များကို လက်ခံရရှိခဲ့ကြသည်ဟု Financial Times သတင်းစာက ဖော်ပြခဲ့သည်။

ထရန့်သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဗီဇာများနှင့် Green Card များကို ရုပ်သိမ်းခြင်း၊ လျောက်လွှာများကို ငြင်းပယ်ခြင်းများ အပါအဝင် ပြည်နှင်ဒဏ်ပေးမှုနှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များကို တင်းကျပ်ခဲ့သည်။အဆိုပါ လုပ်ဆောင်မှုများသည် ပြည်တွင်း လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၇၅ နိုင်ငံမှ လျှောက်ထားသူများအား ရွှေ့ပြောင်းဗီဇာ ထုတ်ပေးမှု ဆိုင်းငံ့ထားသည့် ထရန့် အစိုးရအဖွဲ့၏ တားမြစ်ချက်ကို အမေရိကန်တရားသူကြီးတစ်ဦးက ပယ်ဖျက်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group