Eleven Media Group

■ လက်နက်ကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့က နိုင်ငံများ၏ ပွင့်လင်းမြင်သာမှု အားနည်းချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်

နိုင်ငံများအနေဖြင့် ၎င်းတို့ ဝယ်ယူ ရောင်းချနေသည့် လက်နက်ဆိုင်ရာ အချက်အလက်များကို အစီရင်ခံတင်ပြရန် တာဝန်ပျက်ကွက်နေကြကြောင်း ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ သဘောတူစာချုပ်ကို စောင့်ကြည့် အကဲဖြတ်သည့် အဖွဲ့က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြုခဲ့သည့် အဆိုပါ သဘောတူစာချုပ်သည် တရားမဝင် လက်နက် ရောင်းဝယ်မှုကို တားဆီးရန်အတွက် ပုံမှန် လက်နက်များ ၏ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှု စီးဆင်းပုံကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။မည်သည့် အရောင်းအဝယ်မဆို မပြုလုပ်မီ စာချုပ်တွင် ပါဝင်သည့် အဖွဲ့ဝင် ၁၁၈ နိုင်ငံသည် ရောင်းချမည့် လက်နက်များအနေဖြင့်နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုကို ကျော်လွှားမှု၊ ရာဇဝတ်သားများထံ လမ်းလွှဲရောက်ရှိမှု သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိမရှိကို ဆန်းစစ် အကဲဖြတ်ရမည် ဖြစ်သည်။

နိုင်ငံများအနေဖြင့် ပစ္စတို သေနတ်များမှစ၍ ဒုံးကျည်များ၊ လေယာဉ်များနှင့် စစ်သင်္ဘောများအထိ ပါဝင်သော ပုံမှန် လက်နက်များ တင်သွင်းမှုနှင့် တင်ပို့မှုဆိုင်ရာ နှစ်စဉ် အစီရင်ခံစာများကို တင်ပြကြရမည် ဖြစ်သည်။

သို့သော်လည်း သဘောတူစာချုပ်ကို စောင့်ကြည့်စစ်ဆေးသည့် အဖွဲ့က ပွင့်လင်းမြင်သာမှု မရှိခြင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။

၄၀ ရာခိုင်နှုန်းအောက် ဖြစ်သော နိုင်ငံပေါင်း ၄၆ နိုင်ငံသာလျှင် ၎င်းတို့၏ ၂၀၂၅ ခုနှစ်အတွက် အစီရင်ခံစာများကို အချိန်မီ တင်သွင်းခဲ့ကြကြောင်း ATT Monitor အဖွဲ့ဝင် အဲလစ်ဇန်းဒရား မာ့ခ်စတိုင်းနာ က ဂျနီဗာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

"အဓိပ္ပာယ်ပြည့်ဝတဲ့ ပွင့်လင်းမြင်သာမှုရှိရှိ အစီရင်ခံစာ တင်ပြမှုတွေနဲ့ အများပြည်သူ လွတ်လပ်စွာ ကြည့်ရှုနိုင်တဲ့ အချက်အလက်တွေ လျော့နည်းလာတာဟာ ကမ္ဘာ့ လက်နက် ရောင်းဝယ်မှု ကဏ္ဍမှာ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ ပိုမိုကြီးမားတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်" ဟု စောင့်ကြည့်လေ့လာရေး အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group