Eleven Media Group

■ ကိုလံဘီယာက လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ရန် အရေးယူ ဆောင်ရွက်

ကိုလံဘီယာ၏ လက်ယာစွန်း အစိုးရသစ်သည် ပြောက်ကျား တိုက်ခိုက်ရေးသမားများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် အခြားသော ရာဇဝတ် အဖွဲ့အစည်းများကို အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ရန် အစီအစဉ်များကို ဩဂုတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန် ကျောထောက်နောက်ခံပြု သမ္မတ အာဘယ်လာဒို ဒီ လာ အက်စ်ပရီယာလာ သည် ယခုလအစောပိုင်းတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး ကိုလံဘီယာ၏ များပြားလှသော လက်နက်ကိုင် အဖွဲ့အစည်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဟု ကတိပြုထားသူ ဖြစ်သည်။

တောင်အာမေရိက နိုင်ငံဖြစ်သည့် ကိုလံဘီယာသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်မားဆုံး အကြမ်းဖက်မှု အခြေအနေများနှင့် ရင်ဆိုင်နေရချိန်တွင် အာဘယ်လာဒို၏ တင်းမာသော လုံခြုံရေးဆိုင်ရာ ပြောဆိုချက်များဖြင့် မဲဆန္ဒရှင်များအကြား ရိုက်ခတ်မှုရှိခဲ့ပြီး တစ်ရာခိုင်နှုန်းအောက် လျော့နည်းသော မဲအသာဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိစေခဲ့သည်။ကွန်ဂရက်တွင် ဆွေးနွေးငြင်းခုံရန် ပြင်ဆင်ထားသည့် အဆိုပြု ဥပဒေကြမ်းသည် သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ စာရင်းကို မပြုစုမီ အကြမ်းဖက် အဖွဲ့အစည်းဆိုသည်မှာ အဘယ်နည်းဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ရိုဒရီဂို လာရာက ဘိုဂိုတာအခြေစိုက် Blu Radio သို့ ပြောကြားခဲ့သည်။

ဝန်ကြီးသည် မည်သည့် ရာဇဝတ် အဖွဲ့အစည်းများက ထိုအမျိုးအစားအောက်သို့ ကျရောက်မည်ဆိုသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုများ၏ နောက်ကွယ်တွင် ရှိနေသည်ဟု ယူဆရသူများကို ပါဝင်စဉ်းစားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုများသည် ကိုလံဘီယာ အနောက်ပိုင်းရှိ ဟက်တာပေါင်း အနည်းဆုံး ၂၀,၀၀၀ ခန့်ကို လောင်ကျွမ်းဖျက်ဆီးခဲ့ပြီး အမျိုးသား အစိုးရရှေ့နေများသည် အရေးပေါ် အခြေအနေများကို ဖြစ်ပေါ်စေခဲ့သည့် တမင်တကာ ပြုလုပ်မှုများ ရှိမရှိကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းအရင်းအမြစ်တစ်ခုက အေအက်ဖ်ပီသို့ ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group