Eleven Media Group

■ အီရန်က ဟော်မုဇ်ရေလက်ကြားဖြတ်သန်းသည့် ရေနံတင်သင်္ဘော ၄၅ စီးကို အမည်ပျက်စာရင်းသွင်းကာ သတိပေး

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည့် ရေနံတင်သင်္ဘော ၄၅ စီးအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး အဆိုပါသင်္ဘောများကို ဒဏ်ငွေချမှတ်ခြင်း၊ ထိန်းသိမ်းဖမ်းဆီးခြင်းနှင့် ကုန်ပစ္စည်းများကို သိမ်းယူခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတိပေးထုတ်ပြန်လိုက်သည်။

ယင်းသတိပေးချက်ကို ဟော်မုဇ်ရေလက်ကြားအရေး စီမံခန့်ခွဲရန် အီရန်က အသစ်ဖွဲ့စည်းထားသည့် ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ က ဩဂုတ် ၂၃ ရက်ညပိုင်းက X လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ဒေါ်နယ်ထရန့်က အီရန်ကို သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ပြီး ရက်ပိုင်းအတွင်း အီရန်သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။အီရန်ထုတ်ပြန်လိုက်သည့် အမည်ပျက်စာရင်းတွင် ရေနံစိမ်းတင်ဆောင်သည့် ဧရာမရေနံတင်သင်္ဘောများအပြင် သဘာဝဓာတ်ငွေ့ ရည်(LNG)၊ ရေနံဓာတ်ငွေ့ ရည်(LPG) နှင့် သန့်စင်ပြီးရေနံထွက်ကုန်များ သယ်ဆောင်သည့် သင်္ဘောများ ပါဝင်သည်။အချို့က ယူအေအီးနိုင်ငံရှိ ADNOC Logistics and Shipping ၊ ၎င်း၏လက်အောက်ခံ Navig8 Tankers နှင့် ဆော်ဒီအာရေဗျနိုင်ငံပိုင် ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ Bahri တို့ ပိုင်ဆိုင်သည့်သင်္ဘောများ ဖြစ်သည်။ တောင်ကိုရီးယားရှိ Sinokor ကုမ္ပဏီပိုင် သင်္ဘောများလည်း အမည်ပျက်စာရင်းထဲ ပါသည်။

ထို့ပြင် အမည်ပျက်စာရင်းဝင် သင်္ဘောများနှင့် သင်္ဘောချင်း ကုန်ပစ္စည်းလွှဲပြောင်းမှု ပြုလုပ်သည့် မည်သည့်သင်္ဘောမဆို အမည်ပျက်စာရင်းတွင် ပါသွားနိုင်ကြောင်းလည်း အီရန်က ထုတ်ပြန်ထားသည်။

အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုလိုသည့် သင်္ဘောများက သက်ဆိုင်ရာရှင်းလင်းချက်နှင့်အတူ အီရန်ရေကြောင်းအာဏာပိုင်များထံ တင်ပြရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group