
ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၊ အာမူရ်ပြည်နယ်ရှိ ဓာတ်ငွေ့ဓာတုစက်ရုံတွင် ဩဂုတ် ၂၅ ရက်က မီးလောင်ခဲ့ရာ တရုတ်နိုင်ငံသားခြောက်ဦး သေဆုံးခဲ့ပြီး နောက်ထပ်လူကိုးဦး ပျောက်ဆုံးနေကြောင်း အဆိုပါစက်ရုံက ထုတ်ပြန်ခဲ့သည်။မီးလောင်မှုကြောင့် သေဆုံးသူခုနစ်ဦးရှိပြီး ၁၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စက်ရုံက တယ်လီဂရမ်တွင်ထုတ်ပြန်ခဲ့ကာ ၃၆ ဦးက ဆေးရုံတင်ခဲ့ရသည်။
ယင်းစက်ရုံသည် ကမ္ဘာ့အကြီးဆုံး Polyethylene နှင့် Polypropylene ထုတ်လုပ်သူများထဲမှ တစ်ခုအဖြစ် ရပ်တည်ရန် ရည်ရွယ်ထားသည့် စက်ရုံဖြစ်ပြီး ရုရှားကုမ္ပဏီ Sibur နှင့် တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Sinopec တို့ ပူးပေါင်းတည်ဆောက်နေသည့် စီမံကိန်းဖြစ်သည်။ စက်ရုံတွင် လုပ်ငန်းလည်ပတ်မှု မစတင်ရသေးဘဲ စတင်နိုင်ရန် ပြင်ဆင်နေသည့်အဆင့်သာ ရှိသေးသည်။
ရုရှားနိုင်ငံသည် အကြီးစား စက်မှုလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများ တည်ဆောက်ရာတွင် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပအလုပ်သမားများကို မကြာခဏ အသုံးပြုလျက်ရှိသည်။
လက်ရှိဖြစ်စဉ်ကို ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက စက်မှုလုပ်ငန်း ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကို ချိုးဖောက်မှု ဖြစ်နိုင်ခြေရှိသည့် မီးလောင်မှုအဖြစ် စစ်ဆေးနေသည်။