Eleven Media Group

■ တရုတ်(တိုင်ပေ) ၏ သံတမန်မဟာမိတ် အက်စ်ဝါတီနီနိုင်ငံ မှ မိမိတို့၏နိုင်ငံသားများ ချက်ချင်းထွက်ခွာရန် တရုတ်သတိပေး

တရုတ်(တိုင်ပေ)၏ အနည်းငယ်မျှသာကျန်ရှိတော့သည့် သံတမန်မဟာမိတ်နိုင်ငံများအနက် အာဖရိကနိုင်ငံဖြစ်သော အက်စ်ဝါတီနီနိုင်ငံတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများရှိနေသည်ဟု အကြောင်းပြ၍ ယင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများ ချက်ချင်းထွက်ခွာကြရန် တရုတ်အစိုးရက တိုက်တွန်းခဲ့သည်။

တရုတ်အစိုးရသည် တရုတ်(တိုင်ပေ)ကို ၎င်းတို့၏ ပိုင်နက်နယ်မြေတစ်ခုအဖြစ် ကြေညာထားပြီး အုပ်ချုပ်ရေးသီးခြားထူထောင်ထားသည့်တရုတ်(တိုင်ပေ) ကျွန်း၏ နိုင်ငံတကာနှင့် ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းမှုများကို အစဉ်အမြဲ ကန့်ကွက်လေ့ရှိသည်။

လွန်ခဲ့သည့် မေလအတွင်းကတရုတ်(တိုင်ပေ)သမ္မတ လိုင်ချင်တယ်သည် အက်စ်ဝါတီနီနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အဆိုပါခရီးစဉ် ပျက်ပြားစေရန်အတွက် ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများအား လေကြောင်းဖြတ်သန်းခွင့်ရုပ်သိမ်းခိုင်းရန် ပေကျင်းက ဖိအားပေးခဲ့သည်ဟု တရုတ်(တိုင်ပေ)က စွပ်စွဲထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဌာနက "အက်စ်ဝါတီနီနိုင်ငံအတွင်း ရောက်ရှိနေသော တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများအနေဖြင့် အစောဆုံး ထွက်ခွာကြရန် သို့မဟုတ် တောင်အာဖရိကကဲ့သို့ အတော်အတန် လုံခြုံမှုရှိသော ဘေးကင်းသည့် ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရန်" ဩဂုတ် ၂၅ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးစိုးရိမ်ရမှုများတွင် "ဆိုက်ဘာလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစား ရာဇဝတ်မှုများ သောင်းကျန်းများပြားလာခြင်း" လည်း အပါအဝင်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ကိုးကားဖော်ပြထားသည်။

အက်စ်ဝါတီနီနိုင်ငံ (Eswatini) သည် အာဖရိကတိုက်တောင်ပိုင်းတွင် တည်ရှိသော ကုန်းပိတ်နိုင်ငံငယ်တစ်ခု ဖြစ်သည်။ ယခင်က ၎င်းနိုင်ငံကို ဆွာဇီလန် (Swaziland) ဟု လူသိများခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် ဘုရင် မသွာတီ (၃) နန်းစံ ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံအမည်ကို "အက်စ်ဝါတီနီ" ဟု တရားဝင် ပြောင်းလဲခဲ့သည်။ လူဦးရေ ၁.၂ သန်းကျော် ရှိပြီး အများစုမှာ ဆွာဇီ (Swazi) လူမျိုးများ ဖြစ်ကြသည်။ဆွာတီဘာသာစကား (siSwati) နှင့် အင်္ဂလိပ်ဘာသာစကား တို့ကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသည်။ အက်စ်ဝါတီနီတွင် မြို့တော်နှစ်ခု ရှိသည်။ အမ်ဘာဘာနီ (Mbabane) သည် အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး၊ လိုဘမ်ဘာ (Lobamba) သည် ဥပဒေပြုရေးနှင့် တော်ဝင်နန်းစိုက်ရာ မြို့တော်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group